မော်လမြိုင် ၊ စက်တင်ဘာ (၂၉)

မော်လမြိုင်မြို့မှာ  ဆောက်လုပ်နေတဲ့ ကိုဗစ်ယာယီဆေးရုံမှာ ရောဂါလက္ခဏာမပြတဲ့သူတွေနဲ့ ရောဂါအခံမရှိတဲ့သူတွေကို ကုသသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

ပြည်နယ်အတွင်းက ကိုဗစ်-၁၉ အတည်ပြုလူနာတွေထားရှိဖို့ မော်လမြိုင်မြို့ အ.ထ.က(၁)ကျောင်း ဘောလုံးကွင်းမှာ လူနာ(၃၀၀) ဆန့်တဲ့ ယာယီဆေးရုံတစ်ခုကို ၂ ပတ်အတွင်းပြီးစီးနိုင်အောင် ဆောက်လုပ်နေတာပါ။

ရောဂါအခံရှိသူတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးမှာပဲ စောင့်ကြည့်ကုသသွားမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အတည်ပြုလူနာတွေကိုတော့ ယာယီဆေးရုံမှာ ကုသသွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

အခုဆောက်လုပ်တဲ့ ယာယီဆေးရုံမှာ တာဝန်ထမ်းဆောင်ဖို့ လက်ရှိဆေးရုံကြီးတွေက ဆရာဝန်တွေကို ခေါ်ယူမှာမဟုတ်ဘဲ ပြင်ပစေတနာ့ဝန်ထမ်း ဆရာဝန်တွေနဲ့သာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကုတင် ၅၀၀ တို့ ကုတင် ၂၀၀ တို့ ဆေးရုံကြီးတွေက ဆရာဝန်တွေကိုတော့ ယူသုံးလို့ မရဘူး။ဒါကိုတော့ ပြည်သူ့ကျန်းမာက ဆရာ ဆရာမတွေ နဲ့ စေတနာဝန်ထမ်း ဆရာဝန်တွေက ဝိုင်းကူပေးမှာပါ”လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။

ဒေသခံတစ်ဦး ဆောက်လုပ်လှူဒါန်းတဲ့ ဒီယာယီဆေးရုံမှာ‌တော့ အရေးပေါ်လူနာတွေကို စစ်ဆေးမယ့် နေရာ၊ လူနာ ၂၀ ဦး‌ နေထိုင်လို့ရတဲ့ အခန်းကြီး‌ကျယ်၊ PPE ဝတ်စုံ ဝတ်ဆင်ခန်း၊ လူနာကြိုပို့ ယာဉ်ထားမည့်နေရာ၊ တာဝန်ကျသူနာပြု‌တွေနဲ့ ဆရာဝန်တွေရဲ့ နားနေခန်းနဲ့ အိပ်ခန်းတွေ၊ Toilet ၊ ရေချိုးခန်းနဲ့ CCTV ကင်မရာတွေကအစ ထည့်သွင်းဆောက်လုပ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းက ကိုဗစ်အတည်ပြုလူနာတွေထားရှိဖို့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနဲ့ ကျန်းမာရေးဝန်ထမ်း အိမ်ယာတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.