stay at home သတ်မှတ်ထားသည့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်

မော်လမြိုင် ၊ စက်တင်ဘာ (၂၈)

Stay at home သတ်မှတ်လိုက်တဲ့ မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့မှာ  မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အများဆုံးတွေ့ရှိခဲ့တဲ့ မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့တို့ကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ စပြီးတော့ stay at home နေထိုင်ဖို့ ညွှန်ကြားထားပြီး ညမထွက်ရ အမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်ကတော့ stay at home သတ်မှတ်ချက်ကြောင့် ကြိုတင်စီစဉ်ထားတာတွေ ဖျက်လိုက်ရလို့ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“စီစဉ်ထားတာတွေထဲက သွားမယ့်ဟာတစ်ချို့ကို ဖျက်လိုက်ရတယ် ။ အခုလောလောဆယ်တော့ မီဒီယာပိုင်းကနေပဲ သွားရမှာပေါ့ ။ ဖေ့ဘုတ်ကနေ တင်တာတွေ ရှိမယ် ကောမန့်တွေမှာ မေးတာတွေကို ပြန်ဖြေမယ်ပေါ့ ။ ဖေ့ဘုတ်က လူငယ်တွေဆီပဲ အများဆုံးရောက်မယ် လူကြီးတွေဆီရောက်တာ နည်းမယ်။ အချို့က လူကိုတွေ့ချင်တာတွေ ရှိမယ်။ဒီအတွက်က အရမ်းခက်ခဲသွားပြီး” လို့ မော်လမြိုင်မြို့ မဲဆန္ဒနယ်အမှတ်(၂)မှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်က ပြောပါတယ်။

Saty at home သတ်မှတ် မြို့နယ်က ကိုယ်စားလှယ်လောင်းတွေကတော့ မဲဆွယ်စည်းရုံးရေးကို အွန်လိုင်းကနေ ဆောင်ရွက်ရတော့မှာပါ။

အခုလို ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မဲဆွယ်စည်းရုံးရေးကို အွန်လိုင်းကနေတဆင့် လုပ်ဆောင်ဖို့ စီစဉ်ထားပေမယ့် ထိရောက်မှု နည်းမှာကို ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကတော့ အခုလို ကန့်သတ်ချက်တွေကြောင့် ပါတီကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးတွေမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ ထိတွေ့ခွင့်မရှိတဲ့အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးရှိ လာနိုင်တယ်လို့ ပြောပါတယ်။

“အခုရွာထဲဆင်းပြီး စည်းရုံးဖို့ အဆင်မပြေတော့ဘူး အခက်အခဲတွေကတော့ အများကြီးရှိတာပေါ ။ အဓိကတော့ ဆိုင်ဘုတ်ထားတာလောက်ပဲ ပြီးသေးတယ် ရပ်မိရပ်ဖနဲ့​ပဲ တွေ့ဆုံရသေးတယ် လူထုနဲ့ တွေ့ဆုံပြီး မဲဘယ်လိုပေးရမလဲဆိုတာ စည်းရုံးဖို့ အခက်အခဲအများကြီး ဖြစ်လာတာပေါ့”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ခွန်အောင်မျိုးသိမ်းက ပြောပါတယ်။

Stay at home သတ်မှတ်လိုက်တဲ့ မော်လမြိုင်မြို့နယ်မှာတော့ နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၅၄ ဦး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဘီးလင်းမြို့နယ်မှာတော့ နိုင်ငံရေးပါတီ ၁၂ ပါတီကနေ ကိုယ်စားလှယ်လောင်း ၅၄ ဦး ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.