မော်လမြိုင် ၊ စက်တင်ဘာ (၂၈)
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မော်လမြိုင်မြို့မှာ ပါတီ ၁၃ ခု ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် ပါတီ ၄ ခုကသာ စည်ပင်မှာ ဆိုင်းဘုတ်စိုက်ထူခွင့် တောင်းထားတယ်လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့သာ စည်ပင်မှာ ခွင့်ပြုချက် တောင်းထားတယ်လို့ ဆိုပါတယ်။
မွန်ညီညွတ်ရေးပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ကတော့ ကျသင့်တဲ့ အခွန်ငွေတွေကို ပေးသွင်းထားပြီး ကျန်နှစ်ပါတီကတော့ ဆိုင်းဘုတ်စိုက်ထူမှုလုပ်ငန်း မပြီးသေးလို့ အခွန်မဆောင်ရသေးဘူးလို့ ဆိုပါတယ်။
ပါတီ ၄ ခုက မြေစိုက်ဆိုင်းဘုတ်(၁၃၃)ခုနဲ့ ဆိုင်းဘုတ်အကြီး ၄ ခု အတွက် အခွန်ငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ပါတီဆိုင်းဘုတ်ကို လျှောက်ထားခြင်းမရှိဘဲ စိုက်ထူမယ်ဆိုရင် စည်ပင်သာယာဥပဒေနဲ့ အရေးယူနိုင်တယ်လို့ ပြောပါတယ်။
“စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူလို့ ရပါတယ်။ အများအားဖြင့်တော့ ခွင့်ပြုချက်တောင်းပါတယ်။ မတောင်းပဲ စိုက်ထူရင်တော့ အမတို့ ခေါ်ပြောပါတယ်။ အခွန်မပေးရင်တော့ မစိုက်နဲ့ပေါ့လေ။ ဒဏ်ကြေးကတော့ နှစ်သောင်းကနေ နှစ်သိန်းအထိ ရှိပါတယ်”လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းက ပြောပါတယ်။
ပါတီတွေ ဆိုင်းဘုတ်စိုက်ထူရာမှာ (၁)စတုရန်းပေကို (၁၅၀)ကျပ်နှုန်းဖြင့် ဆိုင်းဘုတ်အခွန်ပေးဆောင်ရမယ်လို့ အစိုးရအဖွဲ့က သတ်မှတ်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကိုတော့ မော်လမြိုင်မြို့မှာ ပါတီ(၁၃)ခုကနေ ကိုယ်စားလှယ်လောင်းပေါင်း(၅၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
သတင်း – နွန်နွန်