မော်လမြိုင် ၊ စက်တင်ဘာ (၂၅)

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရေးမြို့နယ်အရှေ့ပိုင်း မွန်ပြည်သစ်ထိန်းချုပ်ဒေသအတွင်းမှာ မဲရုံတစ်ရုံ တိုးချဲ့ဖွင့်လှစ်ပေးဖို့ မွန်ညီညွတ်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။

ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေနဲ့ အဲဒီဒေသရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျောင်းရွာ ကျေးရွာအုပ်စုအတွင်းမှာ မဲရုံ ၆ ရုံ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် ရေးမြို့နယ်အရှေ့ပိုင်း အစွန်အဖျားဒေသက မဲဆန္ဒရှင် (၂၀၀၀) ကျော်ဟာ  လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် အနီးစပ်ဆုံး မဲရုံမှာ ဆန္ဒမဲ လာပေးဖို့ အချိန်တစ်ရက် ပေးရပါတယ်။

ဒါကြောင့် ဒေသခံတွေ မဲပေးခွင့် မဆုံးရှုံးစေဖို့အတွက် အဲဒီဒေသက ဖလံချောင်းဝကျေးရွာမှာ မဲရုံတစ်ရုံထားရှိပေးဖို့ မွန်ညီညွတ်ရေးပါတီက တောင်းဆိုလိုက်တာပါ။

“အာ့ဒီမှာရှိတဲ့ ဒေသခံတွေရဲ့ မဲပေးခွင့် မဲပေးနိုင်ဖို့အတွက် မဲရုံက သူတို့ဆီမှာ ထားပေးမှ အဆင်ပြေမှာ ။ ဒါကြောင့် ရေးချောင်းဖျားဒေသက ဖလံချောင်းဝကျေးရွာမှာ မဲရုံထားပေးဖို့ တောင်းဆိုတာပါ” မွန်ညီညွတ်ရေးပါတီ ရေးမြို့နယ် ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါတယ်။

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းက ရေးအရှေ့ပိုင်းကျေးရွာတွေမှာ NCA လက်မှတ်မထိုးခင်ကတည်းက တိုက်ပွဲနဲ့ ပဋိပက္ခတွေ ဖြစ်ပွားမှုမရှိခဲ့တာကြောင့် လုံခြုံရေးပိုင်းစိုးရိမ်စရာမရှိဘူးလို့ မွန်ညီညွတ်ရေးပါတီက ပြောပါတယ်။

ကော်မရှင်အနေနဲ့ ဝန်ထမ်းနေရာချဖို့ကိစ္စအပြင် လျှပ်စစ်မီးအခက်အခဲတွေကြောင့် လုပ်ပေးနိုင်ဖို့ မလွယ်ကူပေမယ့် ဒေသခံတွေမဲပေးခွင့် မဆုံးရှုံးအောင် မဲရုံထာရှိပေးဖို့ ကော်မရှင်နဲ့ ထပ်မံညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ နည်းပါးတာကြောင့် အာ့ဒီဒေသက ဆန္ဒမဲလာပေးသူ ထက်ဝက်ခန့်သာ ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

“၂၀၁၅ တုန်းကဆို အာ့ဒေသက လူတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ လာမထည့်ကြဘူး ။ ဖလံချောင်းဝမှာ မဲရုံထားမယ်ဆိုရင် လုံခြုံရေးတော့ မပြောတတ်ဘူး ။ ဒေသခံတွေအတွက် တော်တော် အဆင်ပြေမှာပါ” လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုကျော်မျိုးထူးက ပြောပါတယ်။

ကိုဗစ်-19 ရောဂါကြောင့် ရေးမြို့နယ်အတွင်း ယခင်သတ်မှတ်မဲရုံ (၁၂၂)ရုံမှ (၁၃၀)ရုံသို့ တိုးမြှင့်သွားဖို့စီစဉ်ထားပြီး ဖလံချောင်းဝမဲရုံထပ်မံတိုးဖို့တောင်းဆိုထားတဲ့ကိစ္စကိုတော့ အထက်ကိုတင်ပြထားကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းမှာတော့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံမှုတွေကို ကန့်သတ်ထားပေးမယ့် ဒေသခံတွေရဲ့ မဲပေးခွင့်ကိုတော့ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးထားတယ်လို့ မွန်ပြည်သစ်က ထုတ်ပြန်ထားပါတယ်။

သတင်း – ဝင်းနိုင်သက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.