မော်လမြိုင် ၊ စက်တင်ဘာ (၂၄)

နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့တဲ့အပေါ် နိုင်ငံရေးပါတီတွေက ဝေဖန်ပြောဆို လိုက်ပါတယ်။

နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတဲ့ ကာလမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအဝင် နိုင်ငံပိုင် သတင်းစာများတွေကနေတဆင့် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

အခုလို ထုတ်လွှင့်ရာမှာ ထားဝယ်တိုင်းရင်းသားများပါတီကတော့ သူတို့ပြောတဲ့ မိန့်ခွန်းတွေထဲက အရေးကြီးတဲ့ လျှပ်စစ်မီးကို ပြည်မနဲ့ တန်းတူမရှိမှုအပေါ် မေးခွန်းထုတ်ထားတာနဲ့ ထားဝယ်လူမျိုးတွေ ဗမာအဖြစ် လွဲမှားစွာ မှတ်ပုံတင်ထားခြင်းကိစ္စတွေ အပါအဝင်  မိန့်ခွန်း ၄ ပုံ ၁ ပုံ ဖြတ်တောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ ဒီလိုကိစ္စတွေကို အများပြည်သူတွေ သိအောင်ပြောခွင့်မရှိတော့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိတော့မှာလဲ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ၊ ပြည်သူတွေကို လွတ်လပ်စွာ အစီရင်ခံခွင့်အတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာတယ်” ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်း က ပြောပါတယ်။

အခု ဆင်ဆာဖြတ်ခံရတဲ့ အချက်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နိုင်ငံပိုင်မီဒီယာကနေ မိန့်ခွန်း ပြောခဲ့တဲ့အချက်တွေပဲဖြစ်ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြောခွင့်မရပဲ ဆင်ဆာဖြတ်ခံရတယ်လို့လည်း ဦးအေးမင်းက ဆိုပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ဟောပြောမှုတွေကို ဆင်ဆာဖြတ်တောက်တာဟာ ကော်မရှင်က ဥပဒေကိုကျော်ပြီးတော့ လုပ်တဲ့သဘော သက်ရောက်နေတယ်လို့ မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမော်ဦးက ပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေရှိတယ် ကိုယ်စားလှယ်တွေရဲ့ ကျင့်ထုံးတွေ ရှိတယ် အမိန့်ကြေညာချက်တွေ ညွှန်ကြားချက်တွေက ဥပဒေကို ကျော်လွန်လို့ မရဘူး။ ဥပဒေမှာ ရတယ်ဆိုပေမယ့် ညွှန်ကြားချက်တွေမှာ မရဘူးဆိုရင် ဥပဒေကို ဘောင်ကျော်ပြီး ကျော်လွန်တာ ဖြစ်တာပေါ့။ အခုလို ဘေးကြပ်နံကြပ် ကာလမှာ ထိန်းချုပ်မှုတွေက ပိုများလာတယ်။အရင်ရွေးကောက်ပွဲထက်စာရင် ကျွန်တော်တို့ အသက်ရှု ပိုကြပ်တာပေါ့”လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီတွေ ပြောရမယ့်စကားကို ပြောခွင့်မပေးဘူးဆိုတာက နိုင်ငံရေးပါတီတွေကို ဖိနှိပ်တာပဲလို့ မွန်နိုင်ငံရေးစောင့်ကြည့်လေ့လာသူ မင်းမင်းနွယ်ကတော့ ပြောပါတယ်။

“အရင်ကလည်း ပါတီတွေကို ဆင်ဆာဖြတ်ပြီး ပြောဆိုခိုင်းတာတွေ ရှိတယ် ဒါပေမယ့် ခုအစိုးရလောက်တော့ မများဘူး ။ ပြောရမယ့်ဟာကို မပေးပြောဘူးဆိုရင် နိုင်ငံရေးပါတီတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်”လို့ ဆိုပါတယ်။

မဲဆွယ်မိန့်ခွန်းတွေကို ထားဝယ်တိုင်းရင်းသားများပါတီလိုပဲ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ၊ အမျိုးသားဒီမိုရေစီအင်အားစုပါတီ၊ ရခိုင်နိုင်ငံရေးပါတီတွေကလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

မဲဆွယ်မိန့်ခွန်းတွေကို ဆင်ဆာဖြတ်ခံရလို့ နိုင်ငံပိုင်မီဒီယာကနေ ဟောပြောထုတ်လွှင့်မယ့်အစီအစဉ်တွေကို မလုပ်တော့တဲ့ ပါတီတွေလည်းရှိနေပြီး မိန့်ခွန်းအပြည့်အစုံကို အွန်လိုင်းကနေတဆင့် ထုတ်လွှင့် ဟောပြောသွားမယ်လို့လည်း ပါတီတွေက ထုတ်ဖော်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.