စက်တင်ဘာလ (၈)ရက်နေ့က အန်အယ်ဒီပါတီ ဝန်းရံသူတွေကို တွေ့ရစဉ်

မော်လမြိုင် ၊ စက်တင်ဘာ (၂၃)

လတ်တလော ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာတာကြောင့် နိုင်ငံရေးပါတီတွေ မြေပြင်မဲဆွယ်စည်းရုံးတာကို မပြုလုပ်ဖို့ မဲဆန္ဒရှင်တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနည်းလမ်းတွေကို လိုက်နာရမယ်ဆိုပေမယ့် လူစုလူဝေးဖြစ်တာတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေတာပါ။

ရွေးကောက်ပွဲမှာ ပါတီတွေရဲ့ အောင်နိုင်ရေးက အရေးကြီးသလို ကိုဗစ်ကလည်း အရေးကြီးတာကြောင့် ပါတီတွေ မြေပြင်မဲဆွယ်စည်းရုံးရေးကို ရပ်နားပြီး အခြားနည်းလမ်းတွေနဲ့ မဲဆွယ်သင့်တယ်လို့ မော်လမြိုင်မြို့နေ စာရေးဆရာတစ်ဦးဖြစ်တဲ့ ညီမင်းအိမ်က အခုလို ပြောပါတယ်။

“လူစုလူဝေးနဲ့ ပါတီတွေ မဲဆွယ်မှာကို သဘောမကျဘူး အခုက ကူးစက်နှုန်းရော သေဆုံးနှုန်းရော များလာတယ် အိမ်တိုင်ရာရောက်မဲဆွယ်မယ်ဆိုရင်လည်း သွားမယ့်သူတွေက ဘယ်လောက်ထိ ပိုးကင်းမလဲဆိုတာကို သတိထားဖို့လိုတယ်”လို့ ပြောပါတယ်။

လတ်တလော ကိုဗစ်ဖြစ်ပွားမှု အခြေအနေတွေကြောင့် မြေပြင်မဲဆွယ်စည်းရုံးတာထက် အွန်လိုင်းကနေ မဲဆွယ်ရင် ပိုမိုထိရောက်မယ်လို့ မော်လမြိုင်မြို့နေ အလွတ်သင်ဆရာတစ်ဦးဖြစ်သူ ဦးညွန့်လွင်က ဆိုပါတယ်။

“ လူစုလူဝေးနဲ့ စည်းရုံးတာက ရောဂါပြန့်ပွားရေးကို ပိုပြီး အားပေးစေတယ် အာ့လို နှိုးဆော်မှုတွေအစား အခြားနည်းတွေနဲ့ စည်းရုံးသင့်တယ်”လို့ ၎င်းက ဆိုပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီကတော့ ကိုဗစ်ကာလဖြစ်တာကြောင့် Door to Door စနစ်နဲ့အတူ  အွန်းလိုင်းကနေ စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကတော့‌

လာမယ့်ရက်ပိုင်းအတွင်း စီစဉ်ပြီးသားကိစ္စတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိနေပြီး အဲ့ဒီနောက်မှာတော့ လူစုလူဝေးနဲ့စည်းရုံးရေးကိစ္စတွေကို ယာယီရပ်နားသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းအောင်ထူးက ပြောပါတယ်။

“ကိုဗစ်ဖြစ်တဲ့နှုန်းအရ ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ ဒီအပေါ်မှာလည်း အာရုံရှိတယ် အတတ်နိုင်ဆုံးတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး သွားနေတယ် ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ ရွှေ့လိုက်ရတာတွေ အများကြီး ရှိတယ်။ အရှင်းဆုံးပြောရရင် တက်တက်ကြွကြွ မရှိနေဘူး ။ နယ်တွေမှာ ဗီးနိုင်းထောင်ပြီးရင် နားတော့မှာပါ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

သတင်း- ဝင်းနိုင်သက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.