မော်လမြိုင် ၊ စက်တင်ဘာ (၅)

မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာတုန်းကတော့ မဲစာရင်း အချက်အလက်မှားယွင်းမှုတွေ များပြားခဲ့တယ်လို့ မဲဆန္ဒရှင်တွေနဲ့ မဲစာရင်းစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

ဒါကြောင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာတဲ့အချိန်မှာ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် ကော်မရှင်၊ ထွေအုပ်နဲ့ လဝကတို့ ပူးပေါင်းပြီးတော့ တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးလွင်က ပြောပါတယ်။

“ပြည့်စုံမှန်ကန်တဲ့မဲစာရင်းရရှိရေးအတွက် ရည်ရွယ်ပြီး ကော်မရှင်နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပထမအကြိမ် မဲစာရင်းမှာ မှတ်ပုံတင်အပေါက် ဖြစ်နေတာတွေကို အတော်များများ ဖြည့်သွင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာတုန်းကတော့ မဲစာရင်းထဲမပါလို့ ပုံစံ (၃) နဲ့ လျှောက်ထားသူ ၂၅၆၀၀ ကျော်ရှိပြီးတော့ ကွယ်လွန်သူတွေနဲ့ မဲပေးပိုင်ခွင့်မရှိသူတွေ ပါဝင်နေလို့ ပုံစံ (၄) နဲ့ ကန့်ကွက်သူ ၇၅၀၀ ကျော်၊ အချက်အလက်များ မမှန်လို့ ပုံစံ(၄-ဂ) နဲ့ ပြင်ဆင်ဖြည့်စွတ်သူ ၁၁၆၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကော်မရှင်အနေနဲ့ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ဖို့အတွက်  အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“ပုံစံ (၃) (၄) (၄-ဂ) တွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ပြင်ဆင်ဖြည့်စွတ်ခြင်း လုပ်ငန်းတွေကို စိစစ်ပြီးတော့ ကွန်ပျူတာသွင်းခြင်းလုပ်ငန်းတွေကို လကုန် (သြဂုတ်လ) အပြီးလျာထားသတ်မှတ်ပြီးတော့ ဆောင်ရွက်တယ် အဲဒါပြီးရင်တော့ ဒုတိယအကြိမ် ကပ်ထားဖို့က အသင့်အနေအထားဖြစ်အောင် ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ (၁၂) သိန်း ၆ သောင်းကျော်ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ် (၁)သိန်းကျော် ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.