မော်လမြိုင် ၊ စက်တင်ဘာ (၂)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဟာ အောင်နိုင်ခြေနည်းပါးတယ်လို့ မွန်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်ပြီး မဲဆန္ဒရှင်တွေဟာ ပါတီကိုအခြေခံပြီး ရွေးချယ်ကြမှာဖြစ်လို့ နောက်ခံအင်အားအခြေအနေတွေကြောင့် တစ်သီးပုဂ္ဂလတွေ အောင်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။

” မွန်ပြည်နယ်အတွင်းမှာ တစ်သီးပုဂ္ဂလတွေနိုင်ဖို့ သိပ်မလွယ်လှဘူးလို့ထင်တယ်၊ ဘာကြောင့်လဲဆို‌တော့၊ မွန်ပြည်နယ်အတွင်းယှဉ်ပြိုင်မှုက ၂၀၁၅ ထက်စာရင် အားကောင်းလာတယ်၊ ရွေးချယ်တဲ့သူတွေက ပါတီကိုပဲအခြေခံပြီးရွေးကြမယ်လို့ထင်တယ်၊ ထင်သလောက် အောင်မြင်မှုမရနိုင်ဘူးလို့ထင်တယ် ” လို့ မွန်ပြည်နယ်လူထုဆုံရပ် ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေမှာ လူတော်တွေပါဝင်ပေမယ့် အနိုင်ရဖို့ ရုန်းကန်ရမယ့် အနေအထားတစ်ရပ်လို့ မွန်နိုင်ငံရေးလေ့လာသူ နိုင်မင်းမင်းနွယ်ကလည်း ဆိုပါတယ်။

” ပါတီအဖွဲ့အစည်းက နောက်ခံအင်အားကောင်းတယ်၊ တစ်သီးပုဂ္ဂလတွေအနေနဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို မယှဉ်နိုင်ဘူးဖြစ်နေတယ်၊ ယှဉ်နိုင်တယ်ဆိုရင်တောင်မှ တော်တော်နည်းပါတယ်၊ မွန်ပြည်နယ်မှာ ကျွန်တော်အနေနဲ့ကြည့်ရတာက လူကောင်းလူတော်တွေပါပေမယ့် နယ်ပယ်နဲ့အဝန်းအဝိုင်းက ကျဉ်းနေတယ်၊ တော်တော်ကို ရုန်းကန်ရမယ့်အနေအထားပါ ” လို့ သူက ပြောပါတယ်။

အမျိုးသားလွှတ်တော် အမှတ်(၆)ရေးမြို့နယ်မြောက်ပိုင်းမှာ ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းကတော့ ပါတီတွေရဲ့ မူဝါဒတွေကို မယုံကြည်တော့တာကြောင့် ဝင်ပြိုင်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

” ပါတီတွေရဲ့မူဝါဒတွေလမ်းစဉ်တွေမြေပြင်မှာတကယ်ဆောင်ရွက်နေတာတွေကို အပြည့်အဝမယုံကြည်တာမို့ ဝင်ပြိုင်တာပါ၊ ပါတီတွေမှာဆိုရင် ပါတီမူဝါဒအတိုင်းလိုက်လုပ်ရတယ်၊ တစ်သီးပုဂ္ဂလဆိုရင် လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်၊ ကိုယ့်ကိုယ်ကိုပဲ တာဝန်ခံရတယ်၊ လွှတ်တော်ထဲရောက်သွားရင် ဘယ်ပါတီ၊ ဘယ်သူပဲဖြစ်ဖြစ် အတူတကွ လက်တွဲလုပ်လို့ရတယ်၊ ရာနှုန်းပြည့်နိုင်မယ်လို့ ယုံကြည်တယ် မဲဆန္ဒရှင်တွေက ဆုံးဖြတ်ပေးမှာပါ ” လို့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို မွန်ပြည်နယ်အတွင်းမှာ ပါတီ ၁၇ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

သတင်း – ဝင်းနိုင်သက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.