မော်လမြိုင် ၊ ဩဂုတ် (၂၄)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း လျာထားမဲရုံ ၉၅၀ ရုံကျော်ရှိပြီးတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း လုံခြုံရေးယူရမယ့် မဲရုံ ၈၆ ရုံ ပါဝင်တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပုံမှန်အားဖြင့် မဲရုံတွေကို ရဲတပ်ဖွဲ့က အဓိကလုံခြုံရေးဆောင်ရွက်ရမှာဖြစ်ပေမယ့် အညိုရောင်နယ်မြေနဲ့ ဆက်စပ်တဲ့နေရာတွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့နေရာတွေ၊လုံခြုံရေးစိတ်မချရတဲ့နေရာတွေက မဲရုံတွေကိုတော့ တပ်မတော်နဲ့ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောပါတယ်။

“အတွင်းစည်းကတော့ ရဲတပ်ဖွဲ့က တာဝန်ယူမှာပေါ့ တပ်မတော်ကတော့ အရန်သဘောပါ လိုအပ်တဲ့အချိန်မှာ အသင့်ရှိတဲ့နေအထားပေါ့နော်” ဟု ရဲမှူး(ဦးစီး) ထွန်းထွန်းက ပြောပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး လုံခြုံရေးယူမယ့် မဲရုံတွေ တည်ရှိတဲ့နေရာဒေသတွေကတော့ မွန် ၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားသွားလာတဲ့ နေရာဒေသနဲ့ ဆက်စပ်ဒေသတွေပဲ ဖြစ်ပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အားတွေ အပြင် အထူးရဲတပ်ဖွဲ ၁၀၀၀ ကျော်ကိုလည်း ခန့်အပ်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်ရှိပြီး မဲရုံ ၉၅၀ ရုံကျော် လျာထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်ထိန်းချုပ်ဧရိယာအတွင်းမှာရှိနေတဲ့ ဘီးလင်းမြို့နယ်က ကျေးရွာအုပ်စုတစ်ခုမှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.