မော်လမြိုင် ၊ ဇူလိုင် ၃၁

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်သားနဲ့ အတူနေမိသားစု မဲစာရင်း အပါအဝင် မွန်ပြည်နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီမဲစာရင်းထဲမှာတော့ ယခုမှ စတင်မဲပေးမယ့် လူငယ် တစ်သိန်းကျော်နဲ့ မသန်စွမ်း ၄ ထောင်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ယခု ရွေးကောက်ပွဲမှာ တပ်မဲရုံတွေကို တပ်အတွင်းမှာ ဖွင့်လှစ်သွားတော့မှာ မဟုတ်ဘဲ နီးစပ်ရာ ရပ်ကျေး မဲရုံတွေမှာ ပူးပေါင်း ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

“တပ်သီးသန့်ကြီးပဲ မဲရုံလုပ်တာ မဟုတ်ဘူး။ တပ်အနားမှာ စာသင်ကျောင်းရှိရင် စာသင်ကျောင်းမှာရှိတဲ့ မဲရုံကို တပ်မဲစာရင်း ထည့်လိုက်တယ် ။ မဲစာရင်း တည်ဆောက်တဲ့အချိန်မှာ မဲရုံတစ်ခုလုံးရဲ့ မဲစာရင်းတည်ဆောက်တယ် အဲ့ဒီမှာ ဦးတွေ ဒေါ်တွေနဲ့ပဲ သွားတယ်” လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

မွန်ပြည်နယ်တစ်ဝှမ်းမှာတော့ တပ်မဲရုံအပါအဝင် မဲရုံပေါင်း (၉၅၈) ရုံ ဖွင့်လှစ်သွားဖို့ ရွေးကောက်ပွဲကော်မရှင်က လျာထားပါတယ်။

လက်ရှိမှာတော့ ပထမအကြိမ် မဲစာရင်းကို ဇူလိုင်လ (၂၅) ရက်ကနေ ဩဂုတ်လ (၇) ရက်နေ့အထိ ကြေညာထားပြီး ပြင်ဆင်ဖြည့်စွက်တာတွေကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်ရဲ့ နာမည်ဟာ ပါသင့်ရက်နဲ့ မပါဘူးဆိုရင် သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ပုံစံ-၃ တောင်းယူပြီး ဖြည့်စွက် တောင်းဆိုနိုင်မှာ ဖြစ်သလို နာမည်ပါပေမယ့် အချက်အလက်တွေမှားနေတာဆိုရင်တော့ ပုံစံ-၄(ဂ) တောင်းယူဖြည့်စွက်ရမှာ ဖြစ်ပါတယ်။

မဲစာရင်းထဲမှာ မပါသင့်သူ တစ်ယောက်ပါနေတာ ဒါမှမဟုတ် ကန့်ကွက်ချင်တာဆိုရင်တော့ ပုံစံ-၄ ကို တောင်းယူဖြည့်စွက်ရမှာဖြစ်ပြီး ဒါတွေကို ၁၄ ရက်အတွင်းမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်လို့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံးတစ်ယောက်တော့ သွားရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.