မော်လမြိုင်၊ မေ ၂၄

ရွှေမြိုင်သီရိဈေးအဆင့်မြှင့်တင်ဖို့အတွက် ဈေးသူဈေးသားများနှင့် ရပ်ကွက်သူရပ်ကွက်သားများအကြားတွင် သဘောထားကွဲလွဲမှုတွေ ရှိနေသည့်အတွက် လာမည့်တနလာၤနေ့တွင် နောက်ဆုံးသဘောထားပေးပို့ရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ ပြောဆိုခဲ့သည်။

ရွှေမြိုင်သီရိရပ်ကွက် ကျောင်းတိုင်ဘုန်းတော်ကြီးကျောင်းတွင် မေလ (၂၃)ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရွှေမြိုင်သီရိ ဈေးသူဈေးသားများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်သူလူထုသက်သာချောင်ချိစေရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ ဈေးတွေမှာ ရင်းနှီးမြုပ်နှံပေးနေတာပါ” ဟု ဒေါက်တာအေးဇံမှ ပြောဆိုခဲ့သည်။

ဈေးသည် ဈေးသူ/သားများအတွက်တင်မဟုတ်ဘဲ လာရောက်ဝယ်ယူကြသည် ရပ်ကွက်နေပြည်သူတွေနဲ့ပါ သက်ဆိုင်တာကြောင့် ဈေးသူဈေးသားများအနေနဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုမကြည့်ဘဲ ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ရှေးရှုသင့်ကြောင်း ဝန်ကြီးချုပ်မှ ဆက်လက်ပြောဆိုခဲ့သည်။

ဈေးသစ်တည်ဆောက်ပြီးနောက်တွင် ဆိုင်ခန်းပိုင်ရှင်များအား ယခုလက်ဝယ်ရရှိထားသည့် ဆိုင်ခန်းများအတိုင်း ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်မှ ပြောဆိုခဲ့သည်။

“ ငါးခန်းပိုင်တဲ့သူ ငါးခန်းပြန်ပေးမယ် ဆယ်ခန်းပိုင်တဲ့သူ ဆယ်ခန်းပြန်ပေးမယ် ပြည်နယ်အစိုးရအနေနဲ့ ဘာအကျိုးအမြတ်မှ မယူထားဘူး” ဟု ၎င်းက ပြောသည်။

ဈေးအဆင့်မြှင့်တင်မည့်ကြာချိန်ကြောင့် ဈေးသူဈေးသားများမှ အကျိုးစီးပွာနစ်နာမှုတွေ ရှိလာမှာကို စိုးရိမ်နေကြသလို ရပ်ကွက်နေပြည်သူတို့မှာလည်း ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကို အဆင့်မြင်တင့်လိုနေကြခြင်း ဖြစ်သည်။

ဈေးသစ်တည်ဆောက်နေသည့်အချိန်တွင် ဈေးသူဈေးသားများအတွက် ယာယီဈေးရောင်းနိုင်ရန် လက်ရှိဈေးအနောက်ဘက်တွင် ယာယီဈေးကို ဆောက်လုပ်ထားပေးသော်လည်း ဈေးသစ်တည်ဆောက်ပြီးစီးမည့်အချိန်ကို ရှင်းလင်းစွာ မချပြထားသည့်အတွက် ဈေးသူဈေးသားများမှာ ယာယီဈေးတွင် အရောင်းအဝယ် အဆင်မပြေမှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“ ဈေးတကယ်ဆောက်ပေးချင်တယ်ဆိုရင် လေလံဆိုင်ခန်းတွေကို မဖျက်ပဲ ပျံကျဈေးသည်တွေအတွက် နေရာအတည်တကျရအောင် ဈေးဆောက်ပေးစေလိုပါတယ် “ ဟု ရွှေမြိုင်သီရိဈေးမှ ဆိုင်ခန်းပိုင်ရှင် ဒေါ်မိမိထွန်းက ပြောသည်။

အဆိုပါဈေးရှိ ပျံကျဈေးတန်းမှထွက်ရှိလာသော အညစ်အကြေးများသည် ရပ်ကွက်အတွင်းသို့ ရောက်ရှိလာသည့်အတွက် လက်ရှိဈေးကိုဖျက်၍ အဆင့်မြင့်ပေးစေလိုသည်ဟု ရွှေဝါထွန်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ပြည်နယ်အစိုးရအနေနဲ့ ယခုဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ကျပ်သန်း(၁၆၀၀)ကျော်အသုံး၍ မော်လမြိုင်မြို့ပေါ် ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရော မြို့မဈေးတို့ကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ပေါ်ရှိ ဈေးများအားအဆင့်မြှင့်တင်နိုင်ဖို့အတွက် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ကို မေလ ၉ရက်နေ့မှာ ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပြီး ဘီးလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှလည်း ၎င်းတို့၏မြို့နယ်ရှိ ဈေးများကို အဆင့်မြှင့်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ခဲ့သည့် ဒိုင်းဝန်ကွင်းဈေးမှ ဈေးသူဈေးသားမှာ တစ်နှစ်နှင့်ကိုးလ ကြာမြင့်သည်တိုင် ယာယီဈေးမှာ ရောင်းချနေရဆဲ ဖြစ်သည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.