မော်လမြိုင်၊ မေ ၄

ဘတ်ဂျက် ကျပ်သန်း(၁၀၀၀)ခန့်သုံးစွဲထားသည့် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးအပ်ရခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်မိန့်ဖြင့်ခွင့်ပြုတာကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေလ (၃)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ Mini ဘတ်ဂျက်တွင် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း ဆောင်ရွက်မှုသည် လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းရာမှ ဝန်ကြီးချုပ်မှပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်မှမေးခွန်းထုတ်ခြင်း
++++++++++++++++++++++

ပြည်နယ်အစိုးရနှင့်သက်ဆိုင်ရာဦးစီးဌာနတို့မှ အောင်သပြေ-နှစ်ကရင်လမ်းပိုင်းလုပ်ငန်းအား Southern Myanmar Development (SMD) ကုမ္ပဏီအား တာဝန်ပေးဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက် ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးအတွက် မည်သည့်စည်ကမ်းသတ်မှတ်ချက်များဖြင့်ဆောင်ရွက်ခဲ့လဲဟု ကိုယ်စားလှယ်မှ မေးခွန်းထုတ်ခဲ့သည်။

မိုးတွင်းကာလဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ရန်အချိန်တိုးတောင်းသဖြင့် ပြည်နယ်အစိုးရ ကတ်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်ပြုလုပ်ခဲ့တာပါဟု စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖြေကြားခဲ့သည်။

ယင်းသို့ဖြေကြားချက်အပေါ် ကိုယ်စားလှယ်မှ ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်း အပုဒ်(၆)အရ ကတ်ဘိနက်အစည်းအဝေးဆုံးဖြတ်ခြင်းနှင့် ဆောင်ရွက်ခြင်းသည် လုပ်ထုံးလုပ်နည်းနဲ့ ကွဲလွဲနေသည်ဟု ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

ဒေါက်တာအေးဇံက “ဒါက ပြည်ထောင်စုအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ပါ၊ မီနီဘတ်ဂျက်ဟာ တင်ဒါကင်းလွတ်ခွင့်ရှိပါတယ်”ဟု ဆက်စပ်မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

တင်ဒါမခေါ်ပဲဆောင်ရွက်ရခြင်းသည် ပြည်ထောင်စုအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်ဖြင့်ညွှန်ကြားချက်ဖြစ်ပြီး Mini ဘတ်ဂျက်ဖြစ်သည့်အတွက် တင်ဒါကင်းလွတ်ခွင့်ရှိတာကြောင့် ဆောင်ရွက်ခဲ့တာ ဖြစ်သည်ဟု ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ “ ဒေါ်အောင်ဆန်းစုကြည်က ၁/၂၀၁၇ ဒီလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်ကို မီနီဘတ်ဂျက် ကင်းလွတ်ခွင့်ရှိပါတယ်လို့ ဘယ်တုန်းက ညွှန်ကြားပြီးတော့ ဘယ်စာအမှတ်နဲ့ ထွက်ခဲ့လဲဆိုတာ ကျနော်အား ဖြေကြားပေးပါ”ဟု ဆက်စပ်မေးခွန်းအဖြစ် ထပ်မံမေးမြန်းခဲ့သည်။

ထိုသို့ ပြန်လည်မေးမြန်းခဲ့သည့်အပေါ်တွင် ဝန်ကြီးချုပ်မှ တိတိကျကျပြန်လည်ဖြေကြားနိုင်ခဲ့ခြင်း မရှိပေ။

တင်ဒါလုပ်ထုံးလုပ်နည်း
+++++++++++++++

နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်ထားသော ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်း အပိုဒ်(၆) ဖော်ပြချက်အရ ပြည်ထောင်စုအဆင့် ၊ဌာန ၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါလုပ်ငန်းများကို သမ္မတရုံးနှင့်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်နှင့် ဆောက်ရွက်ရမှာဖြစ်ပြီး တိုင်းဒေသကြီး / ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းများအနေဖြင့် တင်ဒါလုပ်ငန်းများအား တိုင်းဒေသကြီး / ပြည်နယ်အဆင့် အစိုးရအဖွဲ့၏သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

တင်ဒါလုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ဥပဒေပုဒ်မ ၁/၂၀၁၇ တွင် ကျပ် ၁၀ သန်းအောက်တွင် တင်ဒါခေါ်ယူရန် မလိုအပ်သော်လည်း ကျပ် ၁၀ သန်းအထက်တွင် သတ်မှတ်တင်ဒါ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ကိုယ်စားလှယ်ရဲ့သဘောထား
++++++++++++++

“ တင်ဒါမခေါ်ပဲနဲ့တော့ အစိုးရအဖွဲ့က ကတ်ဘိနက် အစည်းအဝေးဆုံးဖြတ်ချပြီးတော့ ကုမ္ပဏီတစ်ခုကို ဆောင်ရွက်စေဖို့ ၁/၂၀၁၇ အပိုဒ်၆က ခွင့်ပြုထားခြင်းမဟုတ်ပါဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကပြောသည်။

ဝန်ကြီးနှစ်ပါး၏ဖြေဆိုမှုသည် ကွဲလွဲမှုတွေရှိနေပြီး စည်ပင်ဝန်ကြီးမှ ၁/၂၀၁၇ အပိုဒ်(၆) ကို ကိုးကားဖြေဆိုခဲ့တာဖြစ်ပြီး ယင်းအပေါ် ဆက်စပ်မေးခွန်းထုတ်လိုက်သည့်အခါတွင် ဝန်ကြီးချုပ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခွင့်ပြုချက် ၊ ညွှန်ကြားချက် ကင်းလွတ်ခွင့်နှင့် ပြန်လည်ဖြေဆိုတာကြောင့် အဖြေ(၂)မျိုးဖြစ်နေသည့်အတွက် အားရကျေနပ်မှုမရှိဟု ၎င်းကထပ်မံပြောဆိုသည်။

လုပ်ပိုင်ခွင့်ရသည့်ကုမ္ပဏီ
+++++++++++++

အဆိုပါ ကျေးရွာချင်းဆက်လမ်းပိုင်း၏ ၄ မိုင် ၃ ဖာလုံရှိ မြေသားတာဘောင်ချဲ့ခြင်းနှင့် ၁ မိုင် ၄ ဖာလုံရှိ ကွန်ကရစ် လမ်းခင်းခြင်းကို သန်း ၁၀၀၀ ဖြင့် ယင်းဒေသတွင် လျှင်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေသည့် Southern Myanmar Development (SMD) ကုမ္ပဏီအား လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

SMD ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် ရေမြို့၊ မြောက်ပိုင်း (ခွဲ) ဒေသအတွင်းရှိ ကျေးရွာများ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် IPP Power Plan (သပြေ) နှင့် 33/11kV 10MVA (လမိုင်း) ဓာတ်အားခွဲရုံကို ပန္နက်တင်၍ စတင်တည်ဆောက်ခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းကို မွန်ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် အထူးစီပွားပွားရေးဇုန်အတွက် အထောက်အကူဖြစ်ရန် ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီပွားရေးဇုန်တွင် SMD ကုမ္ပဏီမှအကောင်ထည်ဖော်လျက်ရှိသော Southern Myanmar Development (SMD) ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ ပြည်နယ်စက်မှုဇုန် ၊ငါးလုပ်ငန်းဇုန် ၊ အထူးစီးပွားရေးဇုန် ၊ အိမ်ယာစီမံကိန်း နှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုန် တို့ပါဝင်ကြောင်း သိရသည်။

သတင်း – နောင်ခန့်
ဓါတ်ပုံ – ရွှေရိုး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.