ရေး ၊ နိုဝင်ဘာ ၈

ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားကားလမ်းအနီးတွင် ယခုလ ၇ ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်တွေ့ရှိသူ ၂ ဦးအားစစ်ဆေးရာမှ ပြည်ဝင်ခွင့်ဗီဇာမပါရှိပဲ လာရောက်သူ ထိုင်းနိုင်ငံသားတစ်ဦးအား စစ်ဆေးပေါ်ပေါက်ခဲ့၍ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှစစ်ဆေးချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ Mr.VITOOL AKARSUPAMONGKOL ဖြစ်ကြောင်းနှင့် ပြည်ဝင်ခွင့်ဗီဇာမပါရှိဘဲ ထိုင်းနိုင်ငံမဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်းနှင့် ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ-၁၃ (၁)အရ အရေးယူပေးပါရန် ရေးမြို့နယ်လဝကမှ တိုင်ကြားခဲ့သည်ဟု သိရသည်။
logo-f
“ သူက ပိုက်ကျော်ခြင်းသမားလို့ကြားသိရတယ်၊ အစင်မှာ ခြင်းခတ်ဖို့လာတယ်လို့လဲသိရပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတိုင်ကြားချက်အရ အဆိုပါ ထိုင်းနိုင်ငံသား Mr.VITOOL AKARSUPAMONGKOL အား ရေးမြို့မရဲစခန်းက မမစ(ရေး) (ပ) ၄၀၁/၂၀၁၆၊ ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ-၁၃ (၁) အရ အမှုဖွင့်လှစ်ထားရှိပြီး စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.