မုဒုံ၊ နိုဝင်ဘာ ၉

တန်ဆောင်မုန်းလရောက်တိုင်း အစဉ်လာမပျက် ကျင်းပလာခဲ့သည့် မုဒုံမြို့ မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ခြင်းကို ယခုနှစ်တွင် အထူးစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ပြိုင်ပွဲကြီးကြပ်ရေးကော်မတီထံမှ သိရှိရသည်။

“မြန်မာ့ရိုးရာ အစဉ်အလာရော၊ မြန်မာတို့ရဲ့ ရိုးရာလက်မှု လက်ခတ်ပညာရော ပျောက်ကွယ် မသွားအောင်၊ ပျောက်ပျက် မသွားအောင် ဖော်ထုတ်တဲ့ အနေနဲ့ ကျင်းပရခြင်း ဖြစ်တယ်” ဟု ပြိုင်ပွဲ ကြီးကြပ်ရေး ကော်မတီဝင် ဦးခင်သိန်းမှ သံလွင်တိုင်းမ်ကို ပြောသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပနိင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၄) ရက်နေ့၊ မွန်းလွဲ (၃းဝဝ) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ပြုလုပ်ခဲ့ပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြိုင်ပွဲကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ တက်ရောက်ကာ အပြီးသတ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မသိုးသင်္ကန်းများ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်း က “ဒီနှစ်က အကြိမ် ၉ဝ မြောက်လည်း ဖြစ်တယ်။ အစဉ်အလာမပျက် ကျင်းပကျင်းပလာပြီး ဖြစ်ပေမဲ့လည်း ဒီနှစ်မှာက အရင်နှစ်တွေနဲ့မတူဘူး။ ယက္ကန်းစင်တော် တစ်စင်ကလည်း တိုးလာတယ်။ ချီးမြှင့်ဆုကြေးကလည်း တိုးထားတယ်။ တာဝန်ရှိတဲ့သူတွေ က ဝိုင်းဝန်ပြီးတော့ စီစဉ်ဆောင်ရွက်နေကြတယ်။ မုဒုံ တန်ဆောင်တိုင်နဲ့ မုဒုံ မသိုးသင်္ကန်း ယက်ခတ်ပြိုင်ပွဲက ရေကန်နဲ့ ကြာလို ဒွန်တွဲနေတယ်” ဟု ပြောသည်။

မသိုးသင်္ကန်း ယက်ခတ်ယှဉ်ပြိုင်ပွဲကို ယခင်ကျင်းပမြဲဖြစ်သည့် မုဒုံမြို့၊ မင်းတန်းရပ်၊ ဆုတောင်းပြည့်ဘုရားရှေ့၊ မြို့တွင်းဟသာၤအဝိုင်းအနီး၊ ဗိုလ်ချုပ်လမ်းပေါ်တွင် နိုဝင်ဘာ (၁၃) ရက် (၁၃၇၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ ည ၆း၄၅ မိနစ် အချိန်တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲဝင်မည့် ယက်ကန်းစင်တော်များမှာ “ခရေ၊ နင်းဆီ၊ သစ်ခွ၊ သဇင်၊ အင်ကြင်း၊ ပိတောက်၊ ကံ့ကော်၊ သော်က ဟူ၍ အမည်ပေးထားပြီး၊ မြို့ပေါ်ရပ်ကွက် (၁၊ ၂၊ ၃၊ ၄) မှ ယက်ကန်းစင်တော် (၄) စင်နှင့် ဘဲရမ်းဇုန်၊ ညောင်ကုန်းဇုန်၊ တော်ကူးဇုန်၊ ကော့ပရံဇုန် (၄) စင် စုစုပေါင်း စင်တော် (၈) စင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲဆုအဖြစ် ပထမဆု ကျပ် (၁၅ဝဝဝဝ)၊ ဒုတိယဆု ကျပ် (၁ဝဝဝဝဝ)၊ တတိယဆု ကျပ် (၇၅ဝဝဝ)၊ နှစ်သိမ့်ဆုများအား ကျပ် (၅ဝဝဝဝ) နှင့်အတူ ဂုဏ်ပြုဆုမှတ်တမ်းများပါ တွဲဖက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ပြိုင်ပွဲဝင် စင်တော်များအား နိုဝင်ဘာ (၇) ရက်နေ့တွင် ချည်ခင်များအား စင်တစ်စင်အတွက် ချည်ခင် (၁၉) လိမ် ထုတ်ပေးသွားမည် ဖြစ်ပြီး ပြိုင်ပွဲစည်းကမ်းချက်တွင် တစ်လက်မချည်ပင် (၃၆) ပင်၊ အလျား (၄) ကိုက်၊ အနံ လက်မ (၄ဝ) သတ်မှတ်ချက်များ ရှိကြောင်းလည်း သိရသည်။ ယခင်နှစ် (၈၉) ကြိမ်မြေက် ပြိုင်ပွဲတွင် ပထမဆု ကို မြို့မ (၂) ရပ်ကွက်၊ ဒုတိယဆု မြို့မ (၃) ရပ်ကွက်နှင့် တတိယဆုကို တံခွန်တိုင်ကျေးရွာတို့က ရရှိခဲ့ကြောင်း လည်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.