သံဖြူဇရပ်၊ နိုဝင်ဘာ ၇

သံဖြူဇရပ်မြို့ ဝဲကလီကျေးရွာအုပ်စု အိုင်ရှည်ကျေးရွာ အစိုးရမူလတန်းလွန်ကျောင်းရှေ့ ညောင်ပင်ကြီးအပေါ်မှ အမည်မသိ ပိုးကောင်များ၏ အမွှေးအမြှင်များ လွင့်ကျရာမှ ထိမိသည့် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမ ယားယံအနာ ဖြစ်နေကြောင်း ကျောင်းအုပ်ထံမှ သိရသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအေး က “ဘာကောင်လဲတော့ ကျမအသေအချာ မသိဘူး။ ခူကောင်လိုမျိုး အမွှေးအမြှင်တွေ လွင့်ကျလာပြီး ထိမိတာနဲ့ ယားယံမှုတွေ ဖြစ်လာတယ်။ အမှိုက်တွေနဲ့ မီးမြှိုက်ပေးရင် နည်းနည်းသက်သာတယ်။ ကလေးတွေဆို သနားဖို့ သိပ်ကောင်းတယ်။ တော့ဓလေ့အရ ထိပြီးတာနဲ့ ဆနွင်းလိမ်းပြီး အိမ်ပြန်လွှတ်လိုက်ရတယ်” ဟု ပြောသည်။

၎င်းအမည်မသိအကောင်သည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှ စတင်ကျရောက်ခဲ့ခြင်း ဖြစ်ပြီး၊ သြဂုတ်လတွင် အကျများကြောင်း၊ ၎င်းအမွေးအမြှင်များ ထိမိပါက သုံးရက်မှ ငါးရက်ထိ ယားယံမှု ဖြစ်ရကြောင်း၊ မြို့နယ် ပညာရေးဌာနသို့ အကြောင်းထားသော်လည်း မည်သည့်ဆောင်ရွက်မှုမှ ဖြစ်မလာခဲ့ကြောင်း ဆရာမကြီးက ပြောသည်။

သူက “အရင်ရက်ပိုင်းက ကလေးတွေ အထိများလို့ ကျောင်းနှစ်ရက် ပိတ်လိုက်ရတယ်။ ကျမဆိုရင် ဆေးတောင် ထိုးလိုက်ရတယ်။ ကျန်တဲ့ ဆရာ ဆရာမတွေဆို မနေရဲတော့ဘူး။ မနက်လာ ညနေပြန် လုပ်နေကြရတယ်” ပြောသည်။

အိုင်ရှည်ရွာသည် သံဖြူဇရပ်မြို့နှင့် ၁၀ မိုင်ကျော် ကွာဝေးပြီး၊ ဆရာ ဆရာမများမှာ ယခင်က ကျောင်းဝင်း အတွင်း နေထိုင်ကြသော်လည်း ယခုကဲ့သို့ ဖြစ်ပေါ်ချိန်တွင် မနေရဲသည့်အတွက် သံဖြူဇရပ်သို့ နေ့စဉ် အသွားအပြန်လုပ်နေရကြောင်း ရွာသားများထံမှ သိရသည်။

ကျောင်းရှေ့တွင် နေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက “ကျမသားဆိုရင် ခဏခဏထိတယ်။ ခလေးက ဆော့တာကို အော်လိုက်၊ ယားလို့ ကုတ်လိုက်၊ တစ်ကိုယ်လုံး ဆနွင်းလူးပေးနေရတယ်” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင် ကလည်း “ကျောင်းသူ ကျောင်းသား ဆရာ ဆရာမတွေနဲ့ အနီးတဝိုက်က လူတွေလည်း တော်တော်စိတ်ညစ်နေရတယ်။ ဒီညောင်ပင်က ပိုးကိစ္စကို ပြောပြတာ ပေါ့သေးသေး ထင်နေကြတယ်။ ဘယ်လိုခံစားရလဲဆိုတာ ထိဘူးမှ သိမယ်။ အနီးတစ်ဝိုက်က မထိဘူးတဲ့လူတွေ ခပ်ရှားရှားပဲ။ ဝဲကလီ အုပ်ချုပ်ရေးမှူနဲ့ ဌာနဆိုင်ရာတွေကို ပြောပြတယ်။ ဒါပေမဲ့ ဘယ်သူမှ အလေမထားကြဘူးလား မသိဘူး။ အခုထိ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တစ်ယောက်မှ ပေါ်မလာဘူး ရွာကလဲဘာမှမလုပ်တတ်ဘူး။ ဒီညောင်ပင်ကြီးကလည်း သက်တမ်းတွေ ကြာတဲ့ ပညောင်ပင်ကြီး ဖြစ်တဲ့အတွက် ရွာဓလေ့အရ ဘယ်သူမှ အရမ်းမလုပ်ရဲကြဘူး” ဟု ပြောသည်။

အိမ်ခြေ ၇၀ ခန့်နှင့် အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၄ဝဝ နီးပါး ရှိသည့် ၎င်းရွာတွင် ကျောင်းသားဦးရေ ၁၁၀ ဦးကျော်နှင့် ဆရာ ဆရာမ ၁၀ ဦးခန့် ရှိသည့်ပြင်၊ မူကြိုကလေးငယ် ၈ ဦးလည်း ရှိကြောင်း သိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.