မုဒုံ၊ နိုဝင်ဘာ ၉

လာမည့်နွေရာသီတွင် ရေရှားပါးပြီး၊ သောက်ရေ အခက်အခဲ ဖြစ်နိင်မည့် ကျေးရွာများသို့ သောက်ရေလှူဒါန်းနိုင်ရန်အတွက် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်မှ အခြေခံအလုပ်သမားများက ငွေများ စတင်စုဆောင်းနေကြောင်း အဆိုပါလူငယ်အလုပ်သမားများထံမှ သိရှိရသည်။

“ကျွန်တော်တို့က အဖွဲ့ဖွဲ့ပြီး လုပ်တာ မဟုတ်ပါဘူး၊ အဓိကကတော့ နွေရာသီရောက်တိုင်း မုဒုံမြို့နယ်အတွင်းမှာ ရေအခက်အခဲ ပြဿနာနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေမှာ သောက်ရေ အဓိကထား သွားရောက်လှူဒါန်းနိင်ဖို့ လုပ်အားခတွေထဲက မိမိတတ်နိင်သလောက် ငွေစုကြတာပါ” ဟု ဦးဆောင်သူ ဦးဇေယျာဦးက သံလွင်တိုင်းမ် ကို ပြောသည်။

နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁ဝ) ရက်နေ့တွင် သံစုဗူးရှည်ကြီးများအား ဦးဆောင်သူမှ မိမိငွေဖြင့် ဝယ်ယူကာ ဝါသနာတူ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေမျိုးမောင်နှမများအား ဝေငှပေးခဲ့ပြီး ဧပြီလ (၁) ရက်နေ့တွင် စုဗူးများ ပြန်လည်ကောက်ယူကာ ယင်းတို့၏ ရှေ့မှောက်တွင် စုဗူးများ ဖွင့်ဖောက်ရေတွက်ကာ ရရှိသည့် ငွေများအားလုံးကို ရေလှူဒါန်းရန်အတွက်သာ အသုံးပြုကြောင်းလည်း သိရသည်။

ရေလှူဒါန်းရန် ငွေစုသူများသည် လူငယ် လူရွယ် အများစုဖြစ်ပြီး၊ သက်ကြီးပိုင်း အနည်းငယ် ပါဝင်ကာ အနှေးယာဉ် (ဆိုက္ကား) လုပ်သားများနှင့် လက်သမား၊ ပန်းရံ၊ သံပန်းလုပ်ငန်းများတွင် နေ့စားဖြင့် ဝင်ရောက်လုပ်ကိုင်နေကြသည့် အခြေခံလုပ်သားများ ဖြစ်ကြောင်းလည်း သိရသည်။
%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%99%e1%80%8a%e1%80%b9%e1%80%99%e1%80%9e%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%bb%e1%80%96%e1%80%85%e1%80%b9
“ကျွန်တော်ကတော့ ဒီလိုရေသွားလှူရတာ ပျော်တယ်၊ ပြီးတော့ ရွာတွေထိ သွားပြီး ရေလှူတဲ့အခါ ရေအခက်အခဲ ဖြစ်နေတဲ့ ကျေးရွာတွေက လူကြီး၊ လူငယ်တွေ၊ အပြေးအလွှား ရေလာယူကြတာကို တွေ့ပြန်တော့ ဝမ်းနည်းမိတယ်။ ရေဆိုတာလည်း လူတွေအတွက် လိုအပ်ချက်တစ်ခုပဲလေ၊ ဒါကြောင့်လည်း နှစ်စဉ် ငွေစုတယ်၊ စုဗူး ဖောက်ပြီး လှူတာ ဒီလာမယ့်နှစ် ဆိုရင် (၆) နှစ်ပြည့်ပြီ” ဟု ပန်းရံလုပ်ငန်းမှ သံလက်ကိုင်ဆရာ ကိုပြည့် က ပြောသည်။

ယခင်နှစ်က ၎င်းတို့၏ စုဗူးပေါင်း (၃ဝ) မှ ရရှိငွေ (၉၁၂ဝဝဝ) ကျပ်ဖြင့် (20 Liters) ရေသန့်ဗူးပေါင်း (၂၅ဝဝ) ကျော်ကို ဝယ်ယူကာ သောက်ရေ အခက်အခဲ ကြုံတွေ့ရနေသည့် ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

လာမည့်နွေရာသီတွင် သောက်ရေ လှူဒါန်းနိုင်ရန်အတွက် ယခုနှစ်တွင် စုဗူးပေါင်း (၃၆) ဗူးကို ဝေငှထားပြီး ဖြစ်ကြောင်း သိရသည်။

မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.