မော်လမြိုင်၊နိုဝင်ဘာ ၁ဝ

ရန်ကုန်နှင့် မော်လမြိုင်ခရီးကို အချိန်တစ်နာရီသာ ပြေးဆွဲမည့် လျှပ်စစ်ရထားစီမံကိန်းကို အကောင်အထည် ဖော်ဖြစ်ပါက ရထားလမ်းကြောင်း အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက သံလွင်တိုင်းမ်သို့ ပြောသည်။

ဝန်ကြီး က “ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ် ဒီကိစ္စကိုလေ။ တကယ်အကောင်အထည်ဖော်ဖို့ ဆိုရင် (၅) နှစ် (သို့မဟုတ်) (၁ဝ) နှစ်လောက် ဖြစ်သွားနိုင်တယ်လို့ ထင်တယ်။ မိုင်အကွာအဝေး အနေအထားအရ အချိန်တော့ တော်တော်ယူရပါလိမ့်မယ်။ ရထားတွေက လျှပ်စစ်နဲ့ သွားမှာဆိုတော့ လျှပ်စစ်ပါဝါလည်း လိုသေးတယ်” ဟု ပြောသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် အကောင်အထည်ဖော်လိမ့်မည် ဟု ယူဆကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ပါက ရထားကဏ္ဍများ၏ ခေတ်သစ်တစ်ခုသို့ ရောက်သွားနိုင်ပြီး ပြည်သူများ အားကိုးအားထားပြုပြီး ရထားများ စီးလာကြပါက စီးပွားရေးအခြေအနေ အဆင်ပြေနိုင်သော်လည်း ရင်းနှီးမြှုပ်နှံမှု များပြားနိုင်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းကို ကြိုဆိုအားပေးပြီး ရန်ကုန်မှ မော်လမြိုင်မြို့အပြင် မန္တလေး၊ မြစ်ကြီးနား စသည့် မြို့များကိုပါ အကောင်အထည်ဖော်သွားနိုင်ပါက ရထားကဏ္ဍ ပြောင်းလဲသွားနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ရန်ကုန်ကနေ မော်လမြိုင်ကို လျှပ်စစ်ရထား ပြေးဆွဲဖို့ဆိုတာ သူတို့ဘက်ကတော့ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်စပ်တဲ့ အနေအထားရှိလို့ပဲ ဒီကိစ္စဖြစ်လာတယ်လို့ပဲ ထင်ပါတယ်။ ပြည်သူတွေအဓိက အသုံးပြုမယ့် လမ်းကြောင်းတွေလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ရထားတွေကို အာရုံလျော့လာ ကြတဲ့အနေအထားမှာ ရှိတယ်ပေါ့နော်။ အခြေအနေအမျိုးမျိုးကြောင့် ချွတ်ခြုံကျနေတဲ့ အနေအထားမှာ ရှိပါ တယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စီးနင်းခ တစ်ရာကျပ်သာ ပေးဆောင်ရသည့် လျှပ်စစ်ရထားများ ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ပြေးဆွဲခဲ့သေးသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.