ရေး ၊ နိုဝင်ဘာ ၈

ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စုပိုင် စုန်းမကျွန်းပေါ်ရှိ တာတမံမှာ ကျိုးပျက်နေသဖြင့် လယ်ဧက ၅၀၀ ကျော်ခန့်မှာ ရေငံများဝင်ရောက်ကာ စပါးများစိုက်ပျိုးမရ၍ လယ်ယာမြေပိုင်ဆိုင်ထားသူများ အခက်အခဲကြုံတွေ့နေရကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ စပါးစိုက်ပျိုး၍မရသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးတင်ပြထားပြီးဖြစ်ကြောင်း လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ရေးမြို့နယ်၊ အဘော်ကျေးရွာမှ ဒေါ်ခင်ရှိန်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ လယ်လုပ်သူက လယ်လုပ်မရတော့ အခြားမှာ အငှားလုပ်စားနေရတယ်၊ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး၊ လယ်ပိုင်ရှိတယ်၊ လယ်လုပ်မရဘူး၊ သက်ဆိုင်ရာက ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ် ” ဟု ၎င်းက ပြောသည်။

၎င်းစုန်းမကျွန်းပေါ်ရှိလယ်ယာမြေအများစုမှာ အဘော်ဒေသနေပြည်သူများပိုင်ဆိုင်ကြပြီး ကော့လှိုင်ကျေးရွာနှင့် အစင်ကျေးရွာတို့မှလည်း အနည်းငယ်စီပိုင်ဆိုင်ကြကာ ယခင်က စပါးအထွက်ကောင်းခဲ့သည့် လယ်များဖြစ်ကြောင်း၊ ကုန်းမြင့်ပိုင်းရှိ လယ်ယာမြေဧကအနည်းငယ်ခန့်သာ ရေငံများဝင်ရောက်မှုမရှိသဖြင့် စပါးစိုက်ပျိုး၍ရကြောင်းနှင့် တာတမံအား ပြန်လည်ပြုလုပ်ပေးစေလိုကြောင်း လယ်သမားများက ပြောသည်။
%e1%80%85%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%80%e1%81%bd%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ လယ်သမားတွေဆီက အချက်အလက်တွေစုဆောင်းပြီးတော့ ကျွန်တော်က တောင်သူလယ်သမား ရေးရာကိစ္စကိုင်ထားတာဆိုတော့ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးထားပြီးပြီ၊ လယ်ဆည်ဝန်ကြီးကိုလဲ ပြောထားပြီးပြီ ” ဟု သံလွင်တိုင်းမ်သို့ပြောသည်။

တာတမံပြီးစီးမည်ဆိုပါကလည်း ရေငံများဝင်ရောက်ခဲ့မှုများကြောင့် လယ်စိုက်ရန် ၂ နှစ်ခန့်အချိန်ယူရဦးမည်ဖြစ်သည်ဟု လယ်သမားများကပြောဆိုနေကြပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တာတမံပြီးစီးပါက လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါကျွန်း၏ဧရိယာမှာ ၁၇၇၆ ဧကခန့်ရှိပြီး ၇၀ % ခန့်မှာ လယ်ယာမြေများဖြစ်ကာ ကျန်သည့်နေရာများတွင် ဓနိနှင့် ဥယျာဉ်ခြံမြေအနည်းငယ် ရှိကြောင်းလည်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.