ရေး ၊ နိုဝင်ဘာ ၇

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)က နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ပြုလုပ်စီစဉ်ကျင်းပသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားခဲ့သော်လည်း ၂ ဦးသာ တက်ရောက်ခဲ့ သည်ဟု ကျင်းပရေးတာဝန်ရှိသူများက ပြောကြားသည်။

ရေးမြို့နယ်အတွင်း ဒေသနေပြည်သူများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၄ ခုသို့ ဖိတ်ကြားခဲ့သော်လည်း ပြည်သူ ၁၅၀ ကျော်ခန့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦးသာတက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု စီစဉ်ကျင်းပသည့် YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကျတော့ သူတို့တာဝန်ယူနေတဲ့ဒေသတွေက အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ ပြသနာတွေကို ပြည်သူလူထုကတင်ပြလာရင် သူတို့အနေနဲ့ သိရှိဆောင်ရွက်ပေးနိုင်အောင်၊ ရှင်းပြနိုင်အောင် နောက်ပြီးတော့ ဒေသခေါင်းဆောင်အနေနဲ့ သူတို့ကိုယ်တိုင် လိုအပ်ချက်တွေရှိရင်တင်ပြ နိုင်အောင် ဖိတ်ခဲ့တာပါ၊ ဘာကြောင့်မလာသလဲဆိုတာကတော့ သူတို့ပဲသိမှာပါ ”ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့် ဦးနိုင်သီဟ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းစိုးလင်းနှင့် ဦးချစ်တင်တို့ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်မှာ အခမ်းအနားအဖွင့်စကားပြောကြားပြီးသည်နှင့် ကျန်းမာရေးမကောင်းဟုဆိုကာ ပြန်သွားခဲ့ကာ ကရင်နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှစ်ဦးကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိဟု သိရသည်။

“ ကျွန်တော်တို့ကတက်စေချင်လို့ ကရင်နဲ့ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနှစ်ပါးနဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သေချာဖိတ်ခဲ့တာပဲ၊ တိုင်းရင်းသားဝန်ကြီးနှစ်ယောက်ဆိုရင် မဲဆွယ်ကာလတုန်းကတစ်ကြိမ်တွေ့မြင်ပြီးကတည်းက တစ်ခါမှရေးကိုမလာခဲ့ဖူး။ ရေးမြို့နယ်မှာရှိတဲ့ ကျွန်တော်အပါအဝင် သူတို့ကိုမဲပေးခဲ့တဲ့သူအများစုဟာ သူတို့ကိုမမြင်ဘူးကြဘူးလို့ပြောကြတယ်၊ နောက်ပြီးတော့ သူတို့လက်ရှိတာဝန်အရ သူတို့ဘာတွေလုပ်နေသလဲဆိုတာ သိချင်ကြတယ်၊ ဒါ့ကြောင့်ဖိတ်ခဲ့တာပဲ ” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

ပြည်သူများမေးမြန်းလာသည့်ကိစ္စများအပေါ် ဖြေနိုင်စရာရှိက ဖြေကြားခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိင်းပြောဆိုရန်နှင့် လွှတ်တော်အတွက် မှတ်သားခဲ့ရမှုများအတွက် အောင်မြင်သည့်တွေ့ဆုံပွဲတစ်ခုဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ဆန္ဒအား ဖြေရှင်းဖြည့်ဆည်းပေးနိုင်တာက အရေးကြီးဆုံးဖြစ်ကြောင်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမတက်ရောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့ဝေဖန်သံကို မခံချင်သဖြင့် အစည်းအဝေးမတက်တာဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ ်ဦးမျိုးဝင်းက ပြောသည်။

“ ရပ်ကွက်ကျေးရွာ ၄၄ ခုရှိတယ်၊ ဒါက ဘာကိုပြနေသလဲဆိုလို့ရှိရင် ပြည်သူ့ဝေဖန်သံကို မခံချင်လို့ အစည်းအဝေးမတက်တာဆိုတာပြနေတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ ပြည်သူကိုကိုယ်စားပြုတဲ့အဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေရဲ့ လက်အောက်ခံ အဖွဲ့အစည်းမဟုတ်ဘူး ” ဟု ယင်းတွေ့ဆုံပွဲတွင် ၎င်းက ပြောသည်။

ပြည်သူများနှင့် အမြဲထိတွေ့ဖြစ်နေကြောင်း၊ ပြည်သူများ မိမိတို့မတက်ရောက်ပါက လွတ်လပ်စွာ တင်ပြပြောဆိုနိုင်မှာဖြစ်ကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက သူ၏အမြင်ကို ပြောသည်။

“ ကျွန်တော်ကတော့ ဖိတ်ကြားလို့ လာတက်တာပါ၊ ဒါကိုမတက်ရဘူးလို့လဲ ဘယ်သူကမှ တားမြစ်ထားတာမရှိပါဘူး ” ဟု တွေ့ဆုံပွဲလာရောက်သူ အစင်စံပြကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးက သံလွင်တိုင်းမ်သို့ ပြောသည်။

YSS အဖွဲ့အနေဖြင့် ယင်းတွေ့ဆုံပွဲကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေနှင့် ပြည်သူများ၏အခက်အခဲများကိုတင်ပြဆွေးနွေးနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ဆောင်ရွက်နေမှုများကို သိရှိစေရေးနှင့် တွေ့ဆုံဆွေးနွေးခြင်းအလေ့အထကောင်းရရှိစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသအတွင်း လုပ်ဆောင်ပေးသင့်သည့်ဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ တရားဥပဒေစိုးမိုးမှု ဆိုင်ရာကိစ္စများကို တင်ပြပြောဆိုခဲ့ကြသည်။

သတင်း –

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.