ရေး ၊ နိုဝင်ဘာ ၉
ရေးမြို့၊ မိုးလေဝသစခန်းရုံး၏မှတ်တမ်းများအရ ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၇ နှစ်ဦးပိုင်း ဇန်နဝါရီလမှစတင်ကာ မိုးရွာသွန်းမည့်အနေအထားရှိနေပြီး စိုက်ပျိုး ရေးသမားများအနေဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း ရေးမြို့နယ်မိုးလေဝသစခန်းမှူး ဦးဆန်းငွေက သံလွင်တိုင်းမ်သို့ ပြောသည်။
ယခုနှစ် မိုးရွာသွန်းမည့်ရက် ၁၃၆ ရက်ပြည့်မီအောင်ရွာသွန်းခဲ့သော်လည်း ပုံမှန်ရွာသွန်းရမည့်မိုးရေချိန်လက်မ ၂၀၀ ပြည့်မှီအောင် ရွာသွန်းခဲ့ခြင်းမရှိသဖြင့် မိုးလျော့နည်းကာ ယင်းအခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် ရာသီဥတုဖောက်ပြန်သည့် အနေအထားတစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ၂၀၁၁ နှစ်နဲ့အလားသဏ္ဍာန်တူနေတယ်၊ ၂၀၁၀ ခုနှစ်က မိုးရေချိန်လက်မ ၂၀၀ မပြည့်ဘူး၊ ရွာသွန်းရက်က ၁၃၀ လောက်ရွာခဲ့တယ်၊ မိုးနည်းနည်းနဲ့ ရက်ရှည်ရွာတယ်ပေါ့၊၂၀၁၁ မှာ မိုးများခဲ့တယ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှတော့မိုးလျော့နည်းနိုင်ပေမယ့် နိုဝင်ဘာမှာ ၂ လက်မ၊ ဒီဇင်ဘာမှာ ၁ လက်မလောက် ရွာနေတာတွေရှိတယ်၊ ခုလဲ နိုဝင်ဘာမှရွာနေတယ် ” ဟု ဦးဆန်းငွေက ဆိုသည်။
သို့အတွက် မှတ်တမ်းများအရ ရေးမြို့နယ်၏ မိုးလေဝသအခြေအနေကို သတိထားစောင့်ကြည့်ရမှာဖြစ်သလို စိုက်ပျိုးရေးသမားများအနေဖြင့် ဂရုပြုရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်လှလှဝင်းက “ အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီးစပါးများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေဖို့ ကွင်းဆင်းပညာပေးမှုများ ဆောင်ရွက်နေတယ်၊ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတဆင့် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြောပြပေးနေသလို ကွင်းဝန်ထမ်းများကလည်း လယ်ယာမြေတွေအရောက ်အသိပညာပေးနေပါတယ် ” ဟု သံလွင်တိုင်းမ်သို့ ပြောသည်။
ရေးမြို့နယ်အနေဖြင့် မိုးစပါးစိုက်ဧက ၆၈၃၀၅ ဧကရှိပြီး သက်လျှင် အထွက်ကောင်းစပါးမျိုးများကို တစ်နှံလုံး၊ လယ်တစ်ကွက်လုံး မှည့်ဝင်းနေအောင် မစောင့်ဘဲ အနှံအပေါ်ပိုင်းဝါချိန် (မောင်းစိမ်း)ချိန်တွင် ရိတ်သိမ်းရန် စသည့်အချက်များပါဝင်သည့် လုပ်ငန်းစဉ်များကို အသိပညာပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – ရဲနိုင်ဦး