ရေး ၊ အောက်တိုဘာ ၂၆

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society – YSS) စီစဉ်မှုဖြင့် ဒေသခံပြည်သူများနှင့် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားဝန်ကြီးများတွေ့ဆုံပွဲကို လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ရွှေဆံတော်စေတီတော်ဓမ္မာရုံတွင် ယင်းနေ့ နေ့လယ်(၁၂)နာရီအချိန် ပြုလုပ်မည့် တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများဖိတ်ကြားမည်ဖြစ်သည်ဟု YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ တွေ့ဆုံပြီးတော့ ဒေသအတွက် အများအတွက် လိုအပ်ချက်တွေ တင်ပြမှုအပေါ် ကိုယ်စားလှယ်တွေအနေနဲ့ မှတ်သားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဖြေရှင်းဆောင်ရွက်နိုင် အောင်လို့ ရည်ရွယ်ကျင်းပပေးတာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

အစိုးရသက်တမ်းကာလ ၇ ကျော်အတွင်း အရပ်ဘက်အဖွဲ့အစည်းကစီစဉ်သည့် ပထမဆုံး လူထုနှင့် ကိုယ်စားလှယ်များ တွေ့ဆုံပွဲဖြစ်ပြီး အခါအားလျော်စွာ ယင်းကဲ့သို့တွေ့ဆုံပွဲကို လွှတ်တော်နားရက်များတွင် ကျင်းပသွားရန်စီစဉ်မည်ဖြစ်သည်ဟုလည်း YSS တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

“ ရုံးတွေမှာတော့ ကိုယ်စားလှယ်တွေအနေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရပ်/ကျေးအုပ်ချုပ်ရေးမှူး တွေ၊ ဌာနဆိုင်ရာတွေနဲ့လုပ်နေတာတွေရှိတာပေါ့၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလျောက် ကိုယ်စားလှယ်တွေက လည်း ဒေသလိုလားချက်တွေကို ကွင်းဆင်းဆောင်ရွက်နေတာပါပဲ၊ ခုလို ကိုယ်စားလှယ်တွေအားလုံးစုပြီးတော့ အပြင်မှာ ခုလို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးရတာကတော့ ကောင်းတဲ့အစီအစဉ်ပါပဲ ” ဟု ရန်မျိုးအောင် ရပ်ကွက်နေ ဦးအောင်ခိုင်က သံလွင်တိုင်းမ်သို့ ၎င်း၏အမြင်ကို ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ရေးမြို့နယ်တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲကာလ အရွေးချယ်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်မှ ဒေါက်တာအောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော်မှ ဦးမျိုး ဝင်းနှင့် နိုင်သီဟ၊ ပြည်နယ်လွှတ်တော်မှ ဦးချစ်တင်နှင့် ဦးမင်းစိုးလင်းတို့အပြင် တိုင်းရင်းသားဝန်ကြီးများ ဖြစ်ကြ သည့် ဗမာတိုင်းရင်းသားဝန်ကြီး ဦးရွှေမြင့်နှင့် ကရင်တိုင်းရင်းသားဝန်ကြီး စောအောင်မြင့်ခိုင်တို့ကို ဖိတ်ကြားရန် စီစဉ်ထားပြီးဖြစ်သည့်ဟု YSS မှ သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.