ရေး ၊ အောက်တိုဘာ ၂၄

ရေးမြို့နယ်အတွင်းရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများအားလုံး လိုင်စင် ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း စာရင်းလိုက်လံတောင်းခံလျက်ရှိနေပြီး ကောက်ယူရရှိ လာမည့်စာရင်းများအရ အားလုံးပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရေးမြို့နယ်အတွင်း အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင် မြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအပါအဝင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် မြန်မာ့ အာမခံလုပ်ငန်းတို့ ရေးမြို့သို့ရောက်ရှိပြီး ရေးမြို့နယ်ယ-ထ-ကရုံးနှင့် အ-ထ-က(၃)တို့တွင် ယာဉ်များ လိုင်စင်သက်တမ်းတိုးခြင်း၊ လုပ်ငန်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် “ က ” ဆိုင်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခဲ့သော်လည်း “ က ” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လျှောက်ထားသူများပြားသဖြင့်

အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ရကာ ထပ်မံလာရောက်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ်နေကြောင်း ရေးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ သက်တမ်းတိုးတွေနဲ့ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတွေ၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် တွေရော လုပ်တဲ့အခါကျတော့ ရပ်ကွက်/ကျေးရွာတွေကလာတော့ ကျန်နေတာရှိတယ်၊ အဲဒါတွေကို တိုးတောင်းဖို့အတွက် အချိန်ထပ်ပေးပါ၊ လုပ်ပေးပါဦးလို့ပြောတော့ ကျန်တဲ့လုပ်ငန်းပမာဏအရေ အတွက်အတိုင်းအတာလေးတင်ပြပေးပါလို့ပြောတယ်၊ ခု ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို လုပ်ငန်းတာဝန်အရ ဆိုင်ကယ်နာမည်ပြောင်းလုပ်မယ်၊ လိုင်စင်လုပ်မယ်၊ သက်တမ်းတိုးမယ်၊ ဘယ်နှစ်ခုကျန်မလဲ၊ ဘယ်လောက် လုပ်ပေးရမလဲ၊ စာရင်းချုပ်တောင်းထားတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ငါတို့က တင်ပြတောင်းခံသွားမယ်။ တက်လာတဲ့စာရင်းအရ ၄ ရက်ဖြစ်ရင်လဲ ဖြစ်မယ်၊ ၅ ရက်ဖြစ်ရင်လဲဖြစ်မယ်၊ တစ်မြို့လုံးအတိုင်းအတာနဲ့ပြီးအောင် လုပ်ပေးမယ့်အစီအစဉ်ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

ကညနမှ လာရောက်စဉ်အတွင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လာရောက်လုပ်ကိုင်သူ ထောင် နှင့်ချီကာ များပြားခဲ့ပြီး ပြည်သူများအနေဖြင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရကာ ပွဲစားများဖြင့်ပင် လုပ် ကိုင်ခဲ့ရမှုများလည်း ရှိခဲ့ကြောင်း၊ ထပ်မံ၍ ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများ များပြားလျက်ရှိနေဆဲ ပင်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“တစ်အိမ်တက်တစ်ဆင်းနှုန်းနဲ့စာရင်းကောက်မယ်၊ ဒီအိမ်မှာ ယာဉ်မောင်းလိုင်စင်လုပ်မယ့်သူ ဘယ်သူရှိလဲ၊ လုပ်ချင်တဲ့ဆန္ဒရှိတဲ့သူတွေကို စာရင်းတင်ပေးမယ်ပေါ့၊ ကညနက ရေးကိုဆင်းလာပြီး လာလုပ်ပေးမယ်ဆိုရင် တစ်မြို့လုံးကိုလွှမ်းခြံုံပြီးတော့မလုပ်ပေးစေချင်ဘူး၊ ဥပမာ ရပ်ကွက်အလိုက် အောင်သုံးအောင်ဆို အောင်သုံးအောင်ပေါ့၊ မှတ်ပုံတင်လုပ်ပေးသလိုမျိုး သူ့ရက်သူ့ရက်တွေနဲ့ပေါ့၊ ရပ်ကွက်အလိုက်လုပ်ပေးစေချင်တယ်၊ ဧရိယာအလိုက်ဆိုတော့ လှုံ့ဆော်ရတာလဲလွယ်တယ်၊ စနစ်တကျလဲဖြစ်သွားတယ်ပေါ့၊ ပွဲစားတွေလဲမရှိတော့ဘူး ” ဟု ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ၎င်း၏လုပ်ဆောင်မည့်ကိစ္စနှင့် အမြင်ကို သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ ပြည်နယ်ပို့ဆက်ဝန်ကြီးကို ကိုယ်တိုင်ပြောထားတယ်၊ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ သိရတယ် ” ဟုဆို သည်။

က-ည-နမှ ရေးမြို့သို့ လာရောက်လုပ်ကိုင်ခဲ့စဉ်အတွင်း “ က ” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မှုမှာ ၂၁၁၉ ဦးရှိခဲ့ပြီး ဒေသခံများအနေဖြင့် လိုအပ်ချက်အရ မော်လမြိုင်မြို့သို့ မိုင် ၁၀၀ ခန့်သွားရောက်လုပ်ကိုင်နေရခြင်း၊ ရေးမြို့အတွင်း ဆိုင်ကယ်နှင့် အခြားယာဉ်များစွာရှိနေခြင်းတို့ ကြောင့် လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်ပြုလုပ်ပေးနိုင်မည့်ရုံးခွဲတစ်ခု ဖွင့်လှစ်နိုင်ရေး လိုလားလျက် ရှိသည်ဟု သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.