ရေး ၊ အောက်တိုဘာ ၂၅

ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲကျေးရွာအုပ်စု၊ တရုတ်ထောက်ကျေးရွာအနီးရှိ ဓမ္မသတ်ကမ်း ခြေဝန်းကျင်အတွင်း လုပ်ငန်းရှင်အချို့ မြေနေရာဝယ်ယူမှုများရှိလာပြီး လက်ရှိပေါက်ဈေးအနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်က တစ်ဧကလျှင် ကျပ်တစ်သိန်းခန့်သာတန်ဖိုးရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ကစတင်ကာ လုပ်ငန်းရှင်များလာရောက်ဝယ်ယူကြသဖြင့် မြေဈေးမှာ တစ်ဧကလျှင် ကျပ်သိန်း ၇၀ အထိဖြစ်ခဲ့ကာ ယခုအခါ ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိဖြစ်လာကြောင်း တရုတ်ထောက် ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးချမ်းက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ခုဝယ်တဲ့နေရာမှာ အဓိကက သီဟိုဠ်ပင်တွေစိုက်ထားတယ်၊ ဧည့်သည့်တွေက ပိုင်ရှင်ဈေး ခေါ်သလောက်ဝယ်ကြတာပဲ ” ဟု ဦးချမ်းကပြောသည်။

ရေးမြို့နယ်အနေဖြင့် လှပသည့်ကမ်းခြေဒေသများ အများအပြားရှိပြီး ငြိမ်းချမ်းရေးရရှိပြီး နောက် ကဗျာဝကမ်းခြေမှာ ထင်ရှားလာခဲ့ကာ စိတ်ဝင်စားမှုရှိခဲ့သော်လည်း သဲသောင်အနေအထားနဲ့ ကမ်းခြေအနေအထားမှာ အားနည်းချက်များရှိသည်ဟုယူဆသဖြင့် ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့ကြောင်း၊ ယခု ကမ်းခြေအနေအထားအရ သဲသောင်နှင့် လှိုင်းအနေအထားမှာ ပြည့်စုံမှုရှိပြီး ရေမှာကြည်လင်မှုရှိ သဖြင့် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား၍ လာရောက်ဝယ်ယူကြောင်း ရေးမြို့နေ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းကသံလွင်တိုင်းမ်သို့ ပြောသည်။

“ မွန်ပြည်နယ်ထဲရောက်ခဲ့ဖူးသမျှကမ်းခြေမှာတော့ ဒီကမ်းခြေက အလှဆုံးလို့မြင်တယ်၊ ဒါပေ မယ့်အခက်အခဲလေးတစ်ခုရှိတာက လမ်းပန်းဆက်သွယ်ရေးပါ၊ ဒါကလဲမခက်ပါဘူး၊ သေချာပြန်လုပ် လိုက်ရင်ကောင်းသွားမှာပါ ” ဟု ၎င်းက ဆိုသည်။

သဘာဝအခြေခံခရီးသွားများအနေဖြင့် ကြိုက်နှစ်သက်မည့် အပန်းခြေကမ်းခြေတစ်ခုဖြစ်လာ နိုင်ပြီး ယင်းကမ်းခြေအနီးရှိ ဓမ္မသတ်ကျွန်းသို့လည်း နောင်ဖွံ့ဖြိုးလာသည့်အချိန်တွင် စက်လှေများဖြင့် သွားရောက် လေ့လာလည်ပတ်စရာတစ်ခုအဖြစ်မြင်မိကြောင်း၊ ခေါဇာမြို့တွင်ပင်တည်ရှိသည့် ကဗျာ၀ ကမ်းခြေဝန်းကျင်အတွင်း လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက လုပ်ငန်းရှင်များဝယ်ယူကြသဖြင့် မြေဈေး နှုန်းများတက်လာခဲ့သော်လည်း ယခုအခါတွင် ကဗျာဝကမ်းခြေဝန်းကျင်ရှိ မြေနေရာအချို့တွင် ပိုင်ဆိုင် မှုအရှုပ်အရှင်းများပြားသဖြင့် ဓမ္မသတ်ကမ်းခြေကို စိတ်ဝင်စားလာကြကြောင်း လာရောက်ဝယ်ယူကြ သူ လုပ်ငန်းရှင်များက ပြောသည်။

“ အဘတို့မှာတော့ အထောက်အထားမရှိပေမယ့် အရင်ကတည်းက ဘိုးဘွားပိုင်အဖြစ် လုပ်ကိုင်ခဲ့တဲ့သီဟိုဠ်ခြံတွေပါ၊ ဒါတွေရောင်းပြီးရင် ရေးမြို့မှာ ကွမ်းသီးခြံဝယ်ချင်လဲဝယ်မယ်၊ ဘဏ်မှာ အပ်ချင်လဲအပ်မယ်၊ အသက်ကလဲကြီးလာပြီလေ ” ဟု အဆိုပါကျေးရွာနေ ခြံရောင်းခဲ့သူတစ်ဦးက ဆိုသည်။

အိမ်ခြေ ၆၀ ခန့်ရှိ တရုတ်ထောက်ကျေးရွာအနီးတွင်တည်ရှိသော ၂ မိုင်ခန့်ရှည်လျားသည့် ယင်းကမ်းခြေကိုသွားရောက်ရန် ရေးမြို့မှ ခေါဇာမြို့သို့ ၁၉ မိုင်ခန့်၊ ခေါဇာမှ ၃ မိုင်ကျော်ခန့် ခရီး အကွာအဝေးရှိသော်လည်း မိုးတွင်းကာလတွင် သွားလာရအနည်းငယ်ခက်ခဲကာ ပွင့်လင်း ရာသီတွင်မူ ဆိုင်ကယ်များဖြင့်သော်လည်းကောင်း၊ 4 Wheel ကားဖြင့်သော်လည်းကောင်း သွားရောက်နိုင်မည်ဖြစ် သည်။

လက်ရှိအနေဖြင့် ရေးမြို့နယ်နှင့် ၁၈ မိုင်ကျော်ခန့်အကွာအဝေးရှိသော ကဗျာဝကမ်းခြေသို့ သွားရောက်လည်ပတ်မှုများပြားလျက်ရှိနေပြီး အခါကြီးရက်ကြီးများတွင် လူဦးရေ ထောင်နှင့်ချီကာ လာရောက်လည်ပတ်လျက်ရှိသည်။ ကဗျာဝကမ်းခြေကို အပန်းဖြေကမ်းခြေစီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မြို့အခြေစိုက် Aurum Company Limited က ဒေါ်လာ ၁၂ သန်း ကနဦးရင်းနှီးမြှုပ်နှံရန် ပြောဆိုထားသော်လည်း ယနေ့တိုင် အကောင်အထည်ဖော်ခြင်းမရှိသေးကြောင်း သိရသည်။
%e1%80%b1%e1%80%81%e1%80%ab%e1%80%87%e1%80%ac%e1%80%80%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81
သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.