|Dawei Watch| မော်လမြိုင်၊ အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အခြေစိုက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU)တို့အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း နှစ်ဘက် တာဝန်ရှိသူတို့က အတည်ပြုပြောခဲ့သည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် အခြေချလှုပ်ရှားနေကြသည့် NMSP တပ်ဖွဲ့နှင့် KNU တပ်ဖွဲ့တို့ကြား နယ်မြေအငြင်းပွားမှုပြဿနာကြောင့် စက်တင်ဘာ ၈ ရက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဖြစ်သည်။

ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KNU ဘက်မှ စပစ်ခြင်းဖြစ်ကာ အဝေးမှ လက်နက်ငယ်များဖြင့် ၁၀ ချက်ကျော် ပစ်ခဲ့ပြီး မွန်ပြည်သစ်ဘက်က ၇ ချက်က ပြန်ပစ်ခဲ့ပြီးနောက် ပစ်ခတ်မှု ရပ်နားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်း ဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“အဝေးက လှမ်းပစ်တာ ပြောရမယ်ဆိုရင် စတာ ရန်စတာပေါ့၊ ဆိုတော့ ခေါင်းဆောင်တွေ တွေ့ရလောက်တဲ့ အဆင့်ထိတော့ မဟုတ်ဘူး”ဟု နိုင်ဝင်းလှက ပြောသည်။

လက်ရှိတွင် အခြေအနေ ငြိမ်သက်နေသော်လည်း မွန်ပြည်သစ်ပါတီဘက် သတိဖြင့် အသင့်အနေအထားဖြင့် နေနေရသည်ဟု ၎င်းက ဆက် ပြောသည်။

ထပ်မံဖြစ်ပွားသည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNU ခရိုင်တာဝန်ရှိသူဘက်က မွန်ပြည်သစ်ပါတီ၏ အကြောင်းကြားချက်အရ သိထားပြီဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းဆဲဖြစ်ကြောင်း ပြောသည်။

“မွန်ဘက်က ပြောတယ် ကျွန်တော်တို့ဘက်က လူတွေ သွားလှမ်းပစ်တယ်လို့ ပြောတယ်၊ ဌာနချုပ်ကိုတော့ သတင်းပို့ထားတယ်၊ ကျွန်တော်လည်း စုံစမ်းဆဲပါ” ဟု KNU မြိတ်-ထားဝယ် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုဝင်းခိုင်က ပြောသည်။

စက်တင်ဘာ၈ရက်က ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNU ဘက်က ပဒိုမန်ငြိမ်းမောင် ဦးဆောင်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင် နိုင်အောင်မငေး ဦးဆောင်အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ကော်မတီတရပ် ဖွဲ့စည်းခဲ့သည်။

ထို့အပြင် မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ကြား အငြင်းပွားဖွယ်ဖြစ်နေသည့် နယ်မြေကိစ္စကို ဗဟိုအဆင့် တွင် ဆောင်ရွက်သွားရန်၊ ဗဟိုအဆင့်တွင် တွေ့ဆုံနိုင်ရန် ခရိုင်မှ တဆင့် ဗဟိုသို့ အမြန်ဆုံးတင်ပြရန်၊ အောက်ခြေအဆင့် စစ်ရေးပြဿနာ ထပ်မံမဖြစ်ပွားရန် သက်ဆိုင်ရာ နယ်မြေခံတပ်မှူးတို့က ကြပ်မတ်သွားရန်၊ သွားလာ လှုပ်ရှားမှုများကို အသိပေးအကြောင်းကြားရန် စသည့် အချက်များ သဘောတူထားကြသည်။

ရေဖြူမြို့နယ်သည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း လက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၁၀ တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ၏ စေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့သည်မှာ ၂၈ နှစ်နီးပါး ရှိလာခဲ့ရာမှ ယခုတဖန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး မွန်ပြည်သစ် ပါတီသည် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့ ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.