ရေး ၊ အောက်တိုဘာ ၂၄

သစ်ပင်သစ်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်များအပေါ် လေးစားချစ်ခင်လာစေရေးအတွက် စကော့တလန်နိုင်ငံမှ ပညာရှင်ဇနီးမောင်နှံသည် အောက်တို ဘာလ ၂၃ ရက်နေ့က ရေးမြို့သို့လာရောက်ပြီး ကလေးငယ်များအား သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်မှုရှိသည့် ဇာတ်လမ်း၊ ပုံပြင်များပါဝင်သော တုတ်ထိုးအရိပ်ရုပ်သေးအကများဖြင့် သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။

အာရှဒေသသစ်တောများအနေဖြင့် အကောင်းဆုံးဖြစ်နေသော်လည်း ဖျက်ဆီးမှုများခံနေရ ကြောင်း၊ အပင်များခုတ်သဖြင့် လူအနည်းငယ်ချမ်းသာသွားသော်လည်း သစ်တောများမရှိပါက ရေကြီးမှုများ၊ ခြောက်သွေ့မှုများဖြစ်လာမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပင်စင်စားများဖြစ်ပြီး အေး ဆေးစွာနေနိုင်သော်လည်း ကိုယ်ပိုင်ငွေကြေးဖြင့် သဘာဝပတ်ဝန်းကျင်အရေး အလေးထားဆောင် ရွက်နေခြင်းဖြစ်ကြောင်း စကော့တလန်နိုင်ငံသား Mr. Richard Struthers က သံလွင်တိုင်းမ်သို့ ပြောသည်။

“ သစ်တောသာရှိမယ်ဆိုရင် တောရိုင်းတိရစ္ဆာာန်သတ္တဝါလေးတွေလဲတည်ရှိနေမှာဖြစ်တယ်၊ အခုကြိုးစားနေတာက တကယ်တော့နည်းနည်းလေးပါ၊ လူအတော်များများကတော့ သဘာဝပတ်ဝန်း ကျင်နဲ့ပတ်သက်လို့ သူ့နည်းသူ့ဟန်နဲ့တော့ လုပ်နေကြတာပါပဲ၊ ရန်ကုန်မှာလဲ သင်ခဲ့ပြီးသွားပြီ၊ ဒီပုံပြင် တွေ၊ ဇာတ်လမ်းတွေလုပ်ဖို့အတွက် စကော့တလန်မှာ ၆ လ ပြင်ဆင်ခဲ့တယ်၊ ကလေးတွေကို အသိ ပညာပေးမယ်ပေါ့ ” ဟု ၎င်းကဆိုသည်။

စကော့တလန်နိုင်ငံမှ Mr Richard Struthers နှင့်ဇနီး Ida Rankine တို့အနေဖြင့် ယခင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလုပ်များကိုသာလုပ်ကိုင်ခဲ့ပြီး ကလေးငယ်များအတွက် အနာဂါတ်တွင် ကြုံတွေ့ရနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို သိရှိအောင် လိုက်လံပြောကြားပြသ ပေးလျက်ရှိရာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အစီအစဉ်အရ ရန်ကုန်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မော်လမြိုင်မြို့ရှိဓမ္မစကူးလ်နှင့် ရေးမြို့ရှိဓမ္မစကူးလ်များကို ပြသပေးလျက်ရှိနေပြီး ထိုမှတဆင့်၊ ဘားအံ၊ ထိုင်းနိုင်ငံနှင့် ကျန်လများတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိကျောင်းများတွင် ပြသပေးမည်ဖြစ်ကာ ကလေးများပျော်ရွှင်ဖွယ်ရာခံစားချက်နှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာ ဗဟုသုတပါ တစ်ပါတည်းရရှိစေရန်ရည်ရွယ်သင်ကြားပေးသောနည်းဖြစ်ကြောင်း ရေးမြို့သို့လာရောက်ရန် ချိတ်ဆက်စီစဉ်ခဲ့သူ ရေးမြို့နယ်ဓမ္မစကူးလ်မှဆရာမဖြစ်သူနှင့် Success+ Education Center မှ မချစ်သက်ဟန်က သံလွင်တိုင်းမ်သို့ပြောသည်။

“ သူစကော့တလန်မှာရှိစဉ်ကတည်းက သူရဲ့အစီအစဉ်ကိုသဘောကျပြီးချိတ်ဆက်ခဲ့တယ်၊ သူတို့သွားမယ့်လမ်းကြောင်းမှာ ရေးကိုလည်းထည့်ပေးပါလို့ပေါ့နော်၊ ကိုယ်ပိုင်ငွေနဲ့ တတ်နိုင်တဲ့အစွမ်း နဲ့ လူသားအချင်းချင်းပြန်အကျိုးပြုတာ လေးစားဖို့ကောင်းတယ်၊ အရေးကြီးဆုံးက သမီးတို့ရှင်သန်တာ သဘာဝပတ်ဝန်းကျင်နဲ့ပဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကိုဘယ်လိုချစ်ခင်မြတ်နိုးပြီး ထိန်းသိမ်းတတ် လာအောင် တတ်နိုင်တဲ့အချိန်အတွင်းမှာ မတ်ဆေ့ချ်လိုက်ပေးတာကိုလေးစားတယ် ” ဟု မချစ်သက် ဟန်က ဆိုသည်။

ကလေးများကို ပြန်လည်ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ချစ်တတ်နေသေးသည့် အရွယ်ဖြစ်သည့် အတွက် နှလုံးသားထဲရောက်အောင် ထည့်ပေးမည်ဖြစ်ကြောင်း၊ သူတို့အနေဖြင့် ကလေးများကို ဗဟို ပြုကာသင်ကြားသွားပြီး ကလေးများနှင့် အတူတူလုပ်သွားကြောင်း၊ သူတို့ချည်းဦးဆောင် မသွားဘဲ ကလေးများကို ပူးပေါင်းပါဝင်ပြီးဆွဲခေါ်သွားကြောင်း၊ လူသားတွေအားလုံးနှင့် သတ္တဝါအားလုံးအပေါ် ချစ်မြတ်နိုးပြီးလေးလေးစားစားရှိဖို့ အသိပေးသွားတာဖြစ်ကြောင်း မချစ်သက်ဟန်က ဆက်လက် ပြောသည်။

“ ခုလုပ်နေတဲ့ဇာတ်လမ်းလေးတွေကလည်း သစ်တောတွေကိုထိန်းသိမ်းဖို့ပါပဲ၊ ပြီးတော့ တော ထဲမှာရှိတဲ့တောရိုင်းတိရစ္ဆာန်တွေကိုထိန်းသိမ်းဖို့ပေါ့၊ အကယ်၍များ သူတို့အနေနဲ့ ဒါတွေကိုပြီးသွားရင် လဲ စာအုပ်ထဲကနေ၊ အခြားဇာတ်လမ်းထဲကနေ သင်ပေးနိုင်တယ်၊ လက်ရှိမှာ အပင်တွေကိုပြန်စိုက်ဖို့ သိပ်နောက်မကျသေးပါဘူး၊ အပင်တွေစိုက်လာရင် သတ္တဝါလေးတွေက ပြန်လာမယ်၊ လူသားတွေကို လေးစားသလို အရာရာတိုင်းကို လေးလေးစားစားလုပ်ဖို့၊ ဆက်ဆံဖို့၊ သတ္တဝါလေးတွေကိုလည်း ကြင်နာပေးဖို့လိုပါတယ်၊ သစ်ပင်ဆိုတာက ကျွန်တေ်ာတို့လို လှုပ်လို့မရပေမယ့် သက်ရှိတစ်မျိုးပါပဲ၊ သစ်ပင်ကလဲ ပညာရှိပါပဲ၊ လေးစားပေးရမယ် ” ဟု Mr. Richard Struthers က ဆိုသည်။
%e1%80%b1%e1%80%9b%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%85%e1%80%b1%e1%80%80%e1%80%ac%e1%80%90%e1%80%9c%e1%80%94%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6
ရေးမြို့၊ စကားတောင်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်ှလှစ်ထားသော ဓမ္မစကူးလ်ကျောင်း၌ ရေးမြို့မရပ်ကွက်နှင့် အစင်၊ ချောင်းတောင်ကျေးရွာတို့မှ ဓမ္မစကူးလ်ကလေးငယ် ၆၀၀ ခန့်အား သစ်တော၊ သတ္တဝါများနှင့်ပတ်သက်သော ဇာတ်လမ်းများဖြင့် တုတ်ထိုးအရိပ်အရုပ်ကလေးများ အသုံး ပြုကာ ကလေးများကိုယ်တိုင်အား ပြုလုပ်ပြသစေခဲ့ကြောင်း သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.