မော်လမြိုင်၊ အောက်တိုဘာ ၁၈

မြန်မာဇာတ်ကားများ အဆင့်အတန်းမြင့်မားလာရေးအတွက် နိုင်ငံခြားဇာတ်လမ်းခွေများ ရောင်းချမှု ပိတ်ပင်ခြင်းသည် သဘာဝမကျသည့် အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြားဇာတ်လမ်းခွေ ရောင်းချသည့် ပြည်သူ များက ကန့်ကွက်ဆန္ဒပြပြီးနောက်မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းမြင့်မားရန်

လိုအပ်ချက်များစွာရှိနေ ကြောင်း အနုပညာရှင်များက ဖွင့်ဟ ပြောဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဆန္ဒပြသူများက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ဖြေလျှော့ပေးရေး၊ နိုင်ငံ ခြားရုပ်ရှင်ဇာတ်ကားများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူကြည့်ရှုခွင့်ရရှိရေး ၊ မြန်မာသီချင်းနှင့် ရုပ်ရှင်ဗွီဒီယို ခိုးကူးသူများကိုသာ ဖမ်းဆီးအရေးယူရေးနှင့် နိုင်ငံခြားအခွေရောင်းသူများ၏ ဘဝအား စာနာနားလည်ပေးရေး စသည့် တောင်းဆိုချက်များဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ ချောကိုယ်တိုင်ကလည်း နိုင်ငံခြားကားတွေပဲကြည့်ဖြစ်တာများပါတယ်။ ဒါပေမယ့် မြန်မာကားရော နိုင်ငံခြားကားရောမျှပြီးတော့ အားပေးပါတယ်။ ကိုယ့်ရဲ့ အနုပညာမောင်နှမတွေ ဘာတွေလုပ်နေလဲ ဘာတွေ ရိုက်နေလဲဆိုတာဖို့ အားပေးဖြစ်တယ်” ဟု သရုပ်ဆောင် အကယ်ဒမီချောရတနာ က သံလွင်တိုင်းမ်သို့ ပြော ကြားသည်။

နိုင်ငံခြားဇာတ်ကားများကို လွတ်လပ်စွာရောင်းချ ခွင့်မပြုတော့သည့်အတွက် ပြည်သူများ ကန့်ကွက် ဆန္ဒထုတ်ဖော်နေတဲ့အပေါ် “ချောတို့ကတော့ အားလုံးကို ပြေပြေလည်လည်ပဲဖြစ်စေချင်တယ်။ နိုင်ငံခြားကား တွေကို လူကြီးတွေတားမြစ်တာက အကြောင်းတော့ရှိပါလိမ့်မယ်။ နည်းပညာပိုင်းတွေ စက်ကိရိယာပိုင်းတွေ ကိုယ့်နိုင်ငံက တော်တော်လေးကိုလိုအပ်ပါတယ်။ ကိုယ့်နိုင်ငံက Animation တွေနဲ့ သူများနိုင်ငံက Animation တွေလည်းတော်တော်လေးကိုကွာပါတယ်။ ကိုပြေတီဦးတို့ အခု နိုင်ငံခြားအနုပညာရှင်တွေ နည်းပညာတွေနဲ့ ရိုက်ကူးလာတာ ဝမ်းသာ ဂုဏ်ယူပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကိုရီးယားနိုင်ငံက အနုပညာရှင်များနှင့် အနုပညာဖန်တီးမှုများ နိုင်ငံတကာသို့ ထိုးဖောက်နေသကဲ့သို့ မြန်မာ့အနုပညာရှင်များကိုလည်း ယင်းကဲ့သို့ ထိုးဖောက်နိုင်သည့် အခြေအနေမျိုး မြင်ချင်ကြောင်း အကယ် ဒမီ ချောရတနာက ပြောကြားခဲ့သည်။

ဒါ့အပြင် သရုပ်ဆောင်အေးမြတ်သူ ရိုက်ကူးထားသည့် “မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်” ဇာတ် ကားများကဲ့သို့ နိုင်ငံခြားကားများကို ပုံတူကူးချခြင်းနှင့် မြန်မာ့ဗွီဒီယို ဇာတ်ကားများ ဟာသပုံစံမဟုတ်တော့ဘဲ ပေါကြောင်ကြောင်ဆန်လာသည့်အတွက် “မြန်မာပေကားများရပ်” ၊ “မြန်မာကား မကြိုက်သူများ/မကြည့်သူများ စသည့် Facebook Event များပြုလုပ်နေကြသည့်အပေါ် “ကျွန်တော်က Facebook မှာ ကျွန်တော်တို့ကို ဝေဖန်နေတာတွေ Comment တွေအကုန်လျှောက်ဖတ်တယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ထောက်ပြ ပေးလို့ကြိုဆိုပါတယ်။ အနုပညာရှင်တွေဆိုတာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဝေဖန်မှုတွေကို ခံယူနိုင် ရမယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ အကယ်ဒမီလူမင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာနှင့် Myanmar Celebrity အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အကယ်ဒမီပေးပွဲတွင်လည်း အကယ်ဒမီလူမင်းမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ တစ် ယောက်အနေဖြင့် ခိုးကူးခွေများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးမှသာ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာနိုင်သည့်အတွက် အရေးယူပေးကြရန် တက်ရောက်လာခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးအပါအဝင် အစိုးရ အဖွဲ့ဝင်များအား တောင်းဆိုခဲ့ဖူးသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.