ပေါင်၊ အောက်တိုဘာ ၁၉
ယောက္ခမအိမ်တွင် တစ်အိမ်တည်းအတူနေထိုင်သည့် သားမက်ဖြစ်သူက ခိုက်ရန်ဖြစ်ပွားစဉ် တံစင်း သံချွန်ဖြင့်ထိုးသတ်ထွက်ပြေးသွားသည့်အမှုဖြစ်စဉ်တစ်ခု အောက်တိုဘာ(၁၉) ရက်နေ့က ပေါင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
ပေါင်မြို့နယ်သပြေကုန်းကျေးရွာ ကရင်ပိုင်းတွင်နေထိုင်သော ဒေါ်မိငယ်မှ အောက်တိုဘာ ၁၉ ရက်မနက်ပိုင်းတွင်ထန်းပင်ချောင်ကြီးရဲစခန်းသို့ရောက်လာပြီး မနက်၁၁နာရီအချိန်ခန့်က မိမိ၏ခင်ပွန်းဦးအေးမင်း (၄၉) နှစ်အား သမက်ဖြစ်သူ မင်းမင်းစိုး (ခ) ရခိုင်မှ နေအိမ်တံခါးမကြီးအနီးတွင် ရန်ဖြစ်၍ သံချွန်ဖြင့်ထိုးရာ ခင်ပွန်းဖြစ်သူဦးအေးမင်းသေဆုံးသွားကြောင်း တိုင်ကြားခဲ့သည်ဟုရဲတပ်ဖွဲ့မှတ်တမ်းတွင်ဖော်ပြထားသည်။
လူသတ်မှုကျုးလွန်သူအသုံးပြုခဲ့သည့် လက်နက်မှာ လွှသွေးသည့် တံစင်း ကိုသွေးထားသည့် ဝါးလက်ကိုင်ရိုးတပ် သံချွန်ဖြစ်သည်။ တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ပေါင်ရဲစခန်းမှအင်အား၊ အလှပ်ရဲ စခန်းအင်အားအပါအဝင် သထုံခရိုင်မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များပါပူးပေါင်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရကြောင်း သိရသည်။
“ကျွန်တော့်စခန်းက ရဲအင်အားနည်းတော့ပေါင်စခန်းမှုးနဲ့အဖွဲ့ အလှပ်စခန်းမှုးနဲ့အဖွဲ့အပြင်သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးကလည်းလာကူဖမ်းပေးကြတယ်။ တရားခံကိုမိဖို့အတွက်အဖွဲ့လေးတွေ ခွဲပြီးရှာကြပိတ်ဆို့ကြတဲ့ အခါမှာသထုံခရိုင်မှုခင်းအကူဌာနက ကိုအောင်သူတို့အဖွဲ့ကနေပြီးတော့သပြေကုန်းရွာအရှေ့ဘက်က လယ်တဲတစ်ခုမှာပုန်းနေတုန်းဖမ်းမိခဲ့တာပါ “ဟု ထန်းပင်ချောင်ရဲစခန်းမှုးရဲအုပ်နိုင်ဝင်းသိန်း ကပြောပါသည်။
အရက်သောက်ထားသူချင်း စကားများကြရာမှသမက်ဖြစ်သူက ယောက္ခမအားသံစူးချွန်ဖြင့်ထိုးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်ရင်ညွှန့်တွင် ထိုးသွင်းဒဏ်တစ်ချက် ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တရားလိုဒေါ်မိငယ်တိုင်ကြားမှုအရ ပေါင်ရဲစခန်းက(ပ)၂၃၄/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ မင်းမင်းစိုးကိုဖမ်း ဆီးအရေးယူထားသည်။
သတင်း – ဝရဇိန် (ပေါင်)