လူ့အခွင့်အရေးကော်မရှင်ဥပဒေတွင် အားနည်းချက်များ ရှိနေသဖြင့် ပြင်ဆင်သင့်သည်ဟု ထင်ရှားသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်
ဖြိုးသီဟချို/Myanmar Now
ရန်ကုန်(Myanmar Now) – ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်းဖြစ်သည့် Equality Myanmar ၏ ဦးဆောင်ညွန်ကြားရေးမှူး ဖြစ်သည်။ ပြည်ပတွင် ၂၃ နှစ်ကြာ နေထိုင်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်စဉ် နိုင်ငံတကာဆု အများအပြား ရရှိခဲ့သူ ဦးအောင်မျိုးမင်းသည် ၂ဝ၁၃ တွင် မြန်မာနိုင်ငံသို့် ပြန်လည်ရောက်ရှိလာခဲ့ပြီး လူ့အခွင့်အရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခဲ့သည်။
မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုကို ကော်မရှင်က ကိုင်တွယ်ပုံ၊ ကော်မရှင်ဥပဒေတို့နှင့် ပတ်သက်ပြီး ပြောပြထားသည်။
မေး – လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့လိုအပ်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေပါသင့်ပါသလဲ။
ဖြေ – လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေ၊ နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေတွေကို ကျွမ်းကျင်မယ့်သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ကြိုးပမ်းလုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံ လိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရပ်တည်တဲ့လူမျိုးက အောက်သက်ကြေပြီးသားဖြစ်မယ်၊ ဒါမျိုးတွေကို သိထားတဲ့အခါ ဘယ်ဟာတွေက ထူးထူးခြားခြား ဆိုးရွားလာသလဲ၊ ဘာတွေကို အရေးပေါ်ဆောင်ရွက်သင့်သလဲဆိုတဲ့ အမြင်လေးတွေကလည်း ရှိလာမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ စာပဲကြေညက်နေလို့ မရဘူး၊ အပြင်လောကကိုလည်းကြည့်ဖို့ လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လုပ်ဆောင်ချင်တဲ့ အာသီသ ပြင်းပြတဲ့၊ လူ့အခွင့်အရေး အတွက် ရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေမှာ သိတယ်၊ တတ်တယ်၊ ဒါပေမယ့် မပြောရဲဘူး၊ ဒီအလုပ်ကိုလုပ်တဲ့အခါမှာ ငါ့အတွက် တာဝန်တွေ များသွားမလားဆိုပြီးတော့ ကြောက်နေသမျှ ကာလပတ်လုံး လူ့အခွင့်အရေးအတွက် ရပ်တည်ရဲမှာ မဟုတ်ဘူး။ ပြန်ပြောရမယ်ဆိုရင် ဗဟုသုတရှိဖို့၊ အတွေ့အကြုံရှိဖို့လိုတယ်၊ လူ့အခွင့်အရေး နဲ့ ပတ်သက်လာရင် အမှန်တရားကို ရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့ လိုတယ်။
မေး – လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရွေးချယ်ပုံအကြောင်း သုံးသပ်ပြပါဦး။
ဖြေ – ရွေးချယ်ရေး ကော်မတီဆိုတာ သီးသန့်ရှိတယ်။ ကော်မတီမှာ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်တွေ ပါသလို လွတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ သူတို့ကနေမှ ရွေးချယ်တင်မြှောက်ပြီးတော့ သမ္မတကနေပြန်ပြီး ခန့်အပ်တဲ့ ပုံစံမျိုးရှိရမယ်လို့ ပြောထားတယ်။ ပြီးခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်ရွေးချယ်တဲ့ ပြဿနာကဘာလဲ ဆိုတော့ ရွေးချယ်ရေး ကော်မတီမှာ ဘယ်သူတွေပါမှန်း၊ ဘယ်သူတွေကနေ ရွေးချယ်လိုက်မှန်း မသိလိုက်ဘူး။ သမ္မတက ခန့်အပ်လိုက်တဲ့စာရင်း ထွက်လာမှပဲ ဒီလူတွေပါတာကို သိရတယ်။ ရွေးချယ်မှုလုပ်ငန်းစဉ် ကိုယ်တိုင်က ရှိပြီးသား ဥပဒေအတိုင်း မလုပ်ကိုင်တာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဘယ်လိုလူတွေ ပါဝင် သင့်တယ်ဆိုတဲ့ ဟာကို အရင် ချမှတ်တယ်၊ ပြီးတော့ အဲဒီအချက်တွေနဲ့ပြည့်စုံပြီးတော့ ဘယ်သူတွေ ဖြစ်သင့်လဲ ဆိုတဲ့ အကြံပြုချက်ကို ပြည်သူလူထုကနေ တင်ခွင့်ရှိတယ်။ အဲဒီထဲကနေမှ ရွေးချယ်ရေး ကော်မတီက ပြန်ပြီးတော့ ရွေးချယ်တယ်။ လူထုက စလာတယ်၊ ပြီးတော့မှ ဘယ်သူ့ကို ကန့်ကွက်စရာ ရှိလဲ၊ ဘယ်သူတော့ ဖြစ်သင့်လဲ ဆိုပြီးတော့ လူထုကိုပြန်ပြီးတော့ ချပြတယ်၊ နောက်ဆုံးမှ ဒါကို သမ္မတက ခန့်အပ်ခွင့်ပဲ ရှိပါတယ်။ အခု (မြန်မာပြည်မှာ) ဖြစ်တဲ့ ပြဿနာက မိုးကျရွှေကိုယ်လို ဘယ်ကမှန်း မသိ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ။ ဒါတွေကြောင့် လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ်လို့ ပြောချင်တာပါ။ သူချမှတ်ထားတဲ့ ဥပဒေအပေါ်ကိုတောင် သူကိုယ်တိုင် မလိုက်နာခဲ့တဲ့ သဘောဖြစ်နေတယ်။ ထုံးစံအတိုင်းပဲ ဒီနေရာမှာ ဘယ်သူဖြစ်သင့်လဲ ဆိုတဲ့ အထက်က ချမှတ်ပေးတဲ့ အကျင့်၊ အာဏာပိုင်တွေက ချမှတ်ပေးတဲ့ အကျင့် ဆိုတာမျိုးတွေ ရှိနေတယ်။ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေ အားလုံးမှာ တွေ့နေရတယ်။ ကော်မရှင်မှာလည်း သူတို့အတွက်အန္တရာယ်မရှိတဲ့လူတွေကို ထားထားတဲ့သဘောမျိုး ဖြစ်တယ်။
မေး – ကော်မရှင်အဖွဲ့ဝင်တွေကို ဘယ်လိုလူတွေက ရွေးချယ် သင့်ပါသလဲ။
ဖြေ – သမာသမတ်ကျတဲ့လူမျိုးတွေ၊ ပုဂ္ဂိုလ်စွဲမပါဘဲ၊ သူ့အရည်အချင်းနဲ့ နောက်ကြောင်း ရာဇဝင်တွေ သိပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူမျိုးဖြစ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေးကော်မရှင်မှာ အလွှာစုံဖို့ လိုအပ်ပါတယ်။ ကျား၊ မ ရေးရာ၊ တိုင်းရင်းသားရေးရာ၊ မတူကွဲပြားတဲ့လူတွေရဲ့ရေးရာအရ အဲဒီက ကိုယ်စားပြုတဲ့လူတွေပေါ့။ ပြီးတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်ကလူတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေက လူထုနဲ့ အမြဲတန်းတွေ့နေရတော့ လူထုရဲ့ ဆန္ဒတွေကို သိတယ်။
မေး – ကော်မရှင်အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဆင့် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ – ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌအဆင့်ကို ဝန်ကြီးနဲ့ဒုတိယဝန်ကြီးအဆင့် ပေးပြီးတော့ ကျန်တဲ့ အဖွဲ့ဝင်တွေကို ဌာနမှုးတာဝန်တွေ ပေးလိုက်ရင် ပိုပြီးတော့ ရှင်းပါလိမ့်မယ်။ ခုဖြစ်နေတာက အကုန်လုံးက ဒုဝန်ကြီးတွေပဲ ဖြစ်နေတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အဆင့်တန်းတူတွေဖြစ်နေတယ်။ အရှိန်အဝါ အရ တချို့က မာနတွေ တက်နေတဲ့သဘောမျိုးလည်း တွေ့ရတယ်။ တိုင်းပြည်ဘဏ္ဍာငွေတွေလည်း အများကြီး ဆုံးရူံးပါတယ်။ ငွေကြေးတွေ ပေးမယ့်အစား လုပ်ပိုင်ခွင့်တွေ ပိုတိုးသင့်ပါတယ်။
မေး – အစိုးရစရိတ်နဲ့ အဆောင်အယောင်တွေကို ယူထားတော့ သီးခြား လွတ်လပ်တဲ့ ကော်မရှင်လို့ ပြောလို့ ရနိုင်ပါ့မလား။
ဖြေ – ဒါ ထောက်ပြစရာပါ၊ အစိုးရဆန်စားနေရတယ်ပေါ့။ ဒါပေမယ့် လူ့အခွင့်အရေး ကော်မရှင်ရဲ့ သဘောကိုက အဲဒီအတိုင်းဖြစ်နေတယ်။ အစိုးရနဲ့လည်း ပူးပေါင်း ဆောင်ရွက်ရမယ်၊ လွတ်လပ်တဲ့ ပုံစံမျိုးလည်း ရှိရမယ်။ ဒါပေမယ့် တကယ် လုပ်ဆောင်တဲ့ လူတွေစိတ်ထားက သူ့ဆန်စားပေမယ့် သူပြောတဲ့အတိုင်း ရဲစရာမလိုဘူး။ ငါတို့တာဝန်က ပြည်သူ့အတွက်ဖြစ်ရမယ် ဆိုရင်တော့၊ စိတ်ဓာတ်မျိုးရှိရင်တော့ အဲဒီပြဿနာ မရှိပါဘူး။ အခုက အရင်ကထက် နည်းနည်း ပိုကောင်းပါတယ်။ အရင်ကဆိုရင် သမ္မတရုံးအောက်မှာ လူ့အခွင့်အရေးကော်မရှင်က ရှိနေတာ၊ သူ့ရဲ့ ကုန်ကျငွေတွေကိုတောင်မှ သမ္မတရုံးကနေ တင်ပေးရတယ်။ ဒါကြောင့် လွှတ်တော်က ဒါမျိုး မဖြစ်သင့်ဘူး ဆိုပြီးတော့ ဒီကော်မရှင်ကို ဥပဒေအရဖွဲ့ပါ၊ သမ္မတခန့်တာမျိုး မဖြစ်ပါနဲ့ ဆိုပြီး ထောက်ပြခဲ့တယ်။ ဒါကြောင့် ဥပဒေသစ် ပေါ်လာခဲ့တယ်။ ခုကျတော့ သူတို့သုံးမယ့် ဘက်ဂျက်ကို လွှတ်တော်မှာ တင်ပြီးတော့ လွှတ်တော်က ခွင့်ပြုမယ်ဆိုတော့ check and balance (အပြန်အလှန်ထိန်းကျောင်းမှု) တော့ အရင်ကထက်စာရင် ပိုအားကောင်းလာတယ်။
မေး – ပြီးခဲ့တဲ့နှစ်တွေအတွင်း ကော်မရှင်က စစ်ဆေးထားတဲ့ အမှုတွေကို ပြန်ကိုင်တွယ်သင့်သလား။
ဖြေ – (မကြာသေးခင်က)ဦးဝင်းမြက ခုမှ လွတ်လွတ်လပ်လပ် လုပ်နိုင်တာ သုံးလပဲ ရှိပါသေးတယ်လို့ လွှတ်တော်မှာ ပြောသွားတာ ရှိပါတယ်။ ဒါ အစိုးရသစ်တက်တဲ့အချိန်မှ လုပ်ပိုင်ခွင့် ရတဲ့ သဘောမျိုး ဖြစ်နေတယ်။ အရင်တုန်းကဟာတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ခဲ့တဲ့ဟာတွေ၊ နစ်နာမှုတွေရှိတယ်။ ဒါမျိုးတွေ ဆိုရင်တော့ အယူခံဝင်တဲ့ သဘောမျိုးနဲ့ ပြန်တိုင်တဲ့ လုပ်ငန်းစဉ်တော့ ရှိသင့်ပါတယ်။ စနစ်ကိုယ်တိုင်က မှားနေတယ်၊ ကျင့်ထုံး ကိုယ်တိုင်က လွဲနေတယ် ဆိုရင်တော့ ပြန်ပြီး လုပ်သင့်ပါတယ်။ အားနည်းချက်က လူလည်း လွဲနေတယ်။ တချို့နေရာတွေမှာ သူနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကလည်း အားနည်းနေတာကြောင့် မပြီးပြတ်သေးတဲ့ အမှုတွေလည်း ရှိနေတယ်။
မေး – ကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားချက်အရ ဆိုရင် ကော်မရှင်က ထိထိရောက်ရောက်လုပ်ကိုင်နိုင်တဲ့ အနေအထားမှာ ရှိသလား။
ဖြေ – ကော်မရှင်ရဲ့ ဥပဒေအရဆိုရင်တော့ လုပ်ပိုင်ခွင့်နှစ်ခုလုံးတောင် ပေးထားပါတယ်။ တစ်ခုက ကာကွယ်ရေး၊ တစ်ခုက မြှင့်တင်ရေး။ လူ့အခွင့်အရေးကိစ္စဖြစ်မယ်လို့ စိုးရိမ်ရတဲ့အခြေအနေမှာတောင် ဝင်ရောက်ပြီးစုံစမ်းစစ်ဆေးနိုင်တဲ့ သဘောမျိုးပေါ့။ ဥပမာ ပြဿနာမဖြစ်သေးဘူး၊ တင်းမာမှုတွေဖြစ်တယ်၊ အဲဒီအချိန်မှာတောင်မှ လူ့အခွင့်အရေးကေ်ာမရှင်က ဝင်ရောက် စုံစမ်းပြီးတော့ အစိုးရကို တင်ပြနိုင်အောင် လုပ်ထားတာတွေကတော့ ကောင်းတယ်။ အားနည်းချက်တွေကတော့ ဥပမာ-အကျဉ်းထောင်မှာ သွားရောက် စုံစမ်းပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ကြိုတင်အကြောင်းကြားရမယ်ဆိုတာမျိုးနဲ့ ပြန်ပြီးတော့ ကန့်သတ်ထားတာ ရှိနေတယ်။ သွားတော့သွား၊ ကြိုသိထားတဲ့အတွက် တကယ်ဖြစ်နိုင်တဲ့ အဖြစ်မှန်တွေ ရပါ့မလား။ ကြိုတင် ပြင်ဆင်ပြီးတော့ မှားယွင်းတဲ့သတင်းတွေ ပေးတာမျိုးရော မဖြစ်နိုင်ဘူးလား။ နောက်တစ်ခုက တရားရုံးမှာ စုံစမ်းနေတဲ့ ကိစ္စတွေကို စုံစမ်းပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ တရားစီရင်နေတဲ့ ကာလမှာ တရားရေးစနစ်၊ တရားသူကြီးကြောင့် လူတစ်ယောက်မှာ နစ်နာချက်တွေရှိလာရင် မကိုင်တွယ်တေ့ာဘူးလား။ နောက်တစ်ခုက အစိုးရအဖွဲ့က တာဝန်ရှိသူကို မေးမြန်းခွင့်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့်အစိုးရက ထိပ်တန်းလျှို့ဝှက်ချက်လို့ ပြောထားတဲ့အချက်တွေကိုတော့ မေးမြန်းပိုင်ခွင့်မရှိဘူး။ တစ်ဖက်မှာတော့ပြထားတယ်၊ တကယ်တမ်းကျတော့ ပြန်ချုပ်ထားတဲ့အချက်တွေဖြစ်နေတယ်။ အဆိုးဆုံးကတော့ ချိုးဖောက်တယ်လို့ ကော်မရှင်ကနေ သတ်မှတ်တဲ့ လူ့အခွင့်အရေး ကိစ္စ တစ်ခုကို သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုကို လွှဲပြောင်းပေးအပ်မယ်၊ အဲဒီဝန်ကြီးဌာနကနေ ရက်ပေါင်း ၃ဝ အတွင်းမှာ ပြန်ကြားရမယ် ဆိုတာပဲ ပါတယ်၊ မဖြစ်မနေဆိုတာမျိုး မပါဘူး။ မပြန်ကြားခဲ့ဘူးဆိုရင် ဘယ်လိုမျိုး ဖိအားပေးဆောင်ရွက်နိုင်တယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ကို မပေးထားဘူး။ ပူးပေါင်း ဆောင်ရွက်မှုကောင်းတဲ့ ဌာနဆိုရင်တော့ ရက် ၃ဝ အတွင်းမှာ အဆင်ပြေသွားနိုင်တယ်၊ အားမကောင်းတဲ့ အဖွဲ့ဆိုရင် မလုပ်လည်း ဘာကိစ္စမှ မရှိဘူး၊ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ စိတ်ထားမျိုးဖြစ်အောင် ဥပဒေမှာ အားနည်းချက်တွေ ရှိနေပါတယ်။
မေး – ကော်မရှင်အဖွဲ့ဝင်တွေကို တာဝန်ကနေ အနားပေးနိုင်တဲ့ အချက်တွေရော ဥပဒေမှာ ပေးထားတာ တွေ့ရသလား။
ဖြေ – ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ သူ့ရဲ့လုပ်ကိုင်နိုင်မှုအနေ အထား၊ အစိုးရနဲ့လွှတ်တော်ကနေ ဒီလူတစ်ယောက်က တာဝန် ထမ်းဆောင်နိုင်ဖို့ အနေအထား မရှိသင့်တော့ဘူးလို့ ဆုံးဖြတ်တယ် ဆိုရင်တော့ ထုတ်ပယ်လို့ ရတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဘာနဲ့ ပြန်လည်ကာကွယ်ထားလဲ ဆိုတော့ သူတို့ စီရင်တဲ့ အမှုတွေမှာ သဘောရိုးနဲ့လုပ်ဆောင်တယ်ဆိုရင်တော့ အရေးယူလို့ မရနိုင်ဘူးလို့ ဥပဒေထဲမှာထည့်ထားတယ်။ အဲဒါနှစ်ခုက ကွဲလွဲနေတာပေ့ါ။ ဒါကြောင့် အခု အင်းဝ ကိစ္စမှာ သဘောရိုးဆိုပြီး ပြန်ခြေပနေတာကို တွေ့ရပါတယ်။
မေး – လူ့အခွင့်အရေးကော်မရှင်ဆိုတာ ဘာအတွက် ဖြစ်ရမလဲ။
လူ့အခွင့်အရေးကော်မရှင်ဆိုတာ တိုင်းပြည်အတွက် အလွန်အားကောင်းတဲ့အချက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံးတိုင်ကြားနိုင်တဲ့နေရာ၊ လူထုအတွက် တကယ်တမ်း ကာကွယ်ပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ လူထုကို စိတ်ပျက်စေတယ်၊ ယုံကြည်မှုပျက်စေတဲ့ ကိစ္စတွေပိုများနေပါတယ်။ ဥပမာ-တိုင်ကြားတယ်၊ အရေးယူတာ မရှိဘူး။ ပညာပေးတယ်ဆိုပြီး ဒါနဲ့ပတ်သက်ပြီး အစီရင်ခံစာထဲမှာ ထည့်သွင်းထားတာ မတွေ့ရဘူး။ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကော်မရှင်ဝင်တွေရဲ့ စည်းမဲ့ကမ်းမဲ့ပြောကြားချက်တွေက လူ့အခွင့်အရေး ကော်မရှင်ဟာ ဒီလိုပါလားဆိုပြီးတော့ လူထုကလေးစားရမယ့်အစား ရွံရှာမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါက ဘယ်တိုင်းပြည်မှာမှ မရှိသင့်သလို ကျွန်တော်တို့ တိုင်းပြည်မှာလည်း မရှိသင့်ပါဘူး။ လူ့အခွင့်အရေး ကော်မရှင်လို့ ပြောလိုက်တာနဲ့ တကယ်တမ်း လုပ်ဆောင်မယ့်လူတွေပါဝင်တဲ့အဖွဲ့ ဆိုတဲ့ ပုံရိပ်ကောင်းမှ လူတွေက ပူးပေါင်းဆောင်ရွက်မှုအား ကောင်းမယ်။ ကော်မရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုကောင်းမှ ကောင်းမွန်တဲ့ အစိုးရကို ထူထောင်နိုင်မယ်၊ တိုင်ကြားမှုအပိုင်းမှာလည်း အားကောင်းလာမယ်။ ဒါပေမယ့် တစ်ဖက်မှာ အားနည်းတဲ့အတွက် ကျန်တဲ့အပိုင်းမှာလည်း လျော့နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ရပါတယ်။ ။