အရုဏ်ဦးလင်းရောင်ခြည်ပေါ်ခါစ မနက်ပိုင်းအချိန် ပေါင်မြို့ဈေးကြီး၏ အနောက်ဘက်ခြမ်းသို့ ဝင် လိုက်သည်နှင့် တစ်ပြိုင်နက် ညှီစို့စို့အနံ့နှင့်အတူ “ဒီနေ့တော့ စလားဗီးယားတွေ ပေါတယ်။ နှစ်ထောင်ဈေးပဲ ဟေ့”ဆိုတဲ့ လက်ထဲတွင်အလေးချိန်ခွင်ကိုင်ထားသည့် ငါးရောင်းသူ အမျိုးသမီးကြီးတစ်ဦး၏ ကျယ်လောင် သော အသံက တစ်ဈေးလုံးသို့ လွှမ်းမိုးသွားသည်ဟု ထင်ရလောက်အောင် ရှိနေလေသည်။

ခေါင်းရွက်ဗျပ်ထိုးဈေးသည်များနှင့် ဆိုင်ခန်းတွင်အတည်တကျ ရောင်းနေသော ဈေးသည်များနှင့်အတူ ဝယ်ယူနေကြသော ဝယ်ယူသူများဖြင့် စည်ကားနေသော ယခုလိုမြင်ကွင်းမှာ နေ့စဉ်နေ့တိုင်းမြင်တွေ့နေရသော မြင်ကွင်းများပင် ဖြစ်ပေသည်။

ပေါင်မြို့မဈေးအတွင်းတွင် ယခင်က သမာဓိချိန်ခွင်ကို ဈေးခေါင်းရုံးတွင် ထားခဲ့ကြောင်း ယခုမထား တော့သည်မှာ သုံးနှစ်ခန့်ကြာပြီဖြစ်ကြောင်း ဈေးထဲတွင် ငါးရောင်းနေသူ ဒေါ်သိန်းကြည်က ညာလက်ဝါးကို ခါပြသည့် ဟန်ပန်အမူအရာပြကာ ပြောပါတယ်။

ဈေးသည်တွေအသုံးပြုကြတဲ့ အလေးချိန်နှစ်မျိုးနှစ်စားရှိတယ်လို့သိရပါတယ်။ “အလေးကတော့ ကျား တံဆိပ်နှင့် ဂဏန်းတွေဖော်ပြထားတဲ့အလေးဆိုပြီးတော့ နှစ်မျိုးရှိတယ်။ အလေးခိုးတာကတော့ ခေါင်းရွက်ဗျပ် ထိုးသမားတွေဘဲ လုပ်တာများတယ်။ ဆိုင်ခန်းဈေးသည်တွေကတော့ ခိုးတာသိပ်မရှိဘူး” ဟု ဒေါ်သိန်းကြည်က ပြောပါတယ်။

အဆိုပါပေါင်မြို့မဈေးတွင် သမာဓိချိန်ခွင်မှာ ဈေးခေါင်းရုံတွင် ရှိသည်ဟုဆိုသော်လည်း ယခုအခါ ပျက်စီးနေလို့ အသစ်မှာထားပါတယ်ဟူပြီး ပေါင်မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ပြောပါ တယ်။ ဒါပေမဲ့ ဈေးခေါင်းရုံးခန်းမှာတော့ လူမရှိပဲတံခါးပိတ်ထားတာကိုတွေ့ရပါတယ်။

ရင်းနှီးသူတွေ ဈေးလာဝယ်နေကြတာ တွေ့လို့ နှုတ်ဆက်ရင်းနဲ့ အလေးအချိန်အတွယ်ကိစ္စနဲ့ ပတ်သက် ပြီး စပ်စုမေးမြန်းကြည့်မိစဉ်မှာ “မနေ့က ပုဇွန်(၂၀)သား ဝယ်တာ အိမ်ရောက်လို့ ချိန်ကြည့်လိုက်တော့ ၁၅ ကျပ် သားပဲရှိတယ်”လို့ ကဒါရပ်ကွက်မှာနေတဲ့ မင်းဌေးအောင်ကပြောပြပါတယ်။

“အလေးမပြည့်လို့ လာတိုင်တဲ့ပြဿနာတွေရှိခဲ့ပါတယ်/ နှစ်ဖက်ညှိနှိုင်းပြီး ပစ္စည်းပြန်ဖြည့်ခိုင်းလိုက်တဲ့ ကိစ္စတွေရှိခဲ့သလို အဲဒီဈေးသည်တွေကိုလည်း စီမံခန့်ခွဲတဲ့နည်းနဲ့ ဒဏ်ငွေရိုက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်” လို့ ပေါင်မြို့နယ်စည်ပင်သာယာရေးဌာနက စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ၎င်းဖြေရှင်းပေးခဲ့ရတဲ့ အတွေ့အကြုံအား ပြန်လည်ပြောပြခဲ့ပါတယ်။

“ဘောင်တို၊ ဘောင်ရှည် “နည်းနဲ့လည်း အချိန်အတွယ်ကို မရိုးမသား လုပ်တတ်ကြကြောင်း ချိန်ခွင် ဘောင်ကို တစ်ဖက်တိုအောင်ဖြတ်ပြီး လက်ရာမပျက်အောင် ကြေးဂဟေပြန်ဆော်ထားတဲ့နည်းနဲ့လည်း ပစ္စည်း အချိန်အတွယ်လုပ်ကာ အလေးခိုးတဲ့နည်းကတော့ “ဘောင်တိုဘောင်ရှည်” နည်းဖြစ်ကြောင်း ဥတ္တံတား ကျေးရွာဈေး၌ ကြက်သားရောင်းနေသူ မခိုင်ကလည်း သူသိသမျှကို ပြောပြခဲ့ပါတယ်။

“ချိန်ခွင်ကို တစ်ဖက်တို တစ်ဖက်ရှည်လုပ်ထားပြီးတော့ တိုတဲ့ဘက်ကို အလေးထည့်ပြီး ရှည်တဲ့ဘက် ကို ပစ္စည်းထည့်တယ်။ ဈေးတိုင်းမှာတော့ရှိတယ်။ ဇင်းကျိုက်ဈေးမှာ ပိုများတယ်” ဟုမခိုင် က ဆက်ပြောပါ တယ်။

ဈေးသည်များ ချိန်တွယ်ရာတွင် အသုံးပြုနေကြသော အလေးများမှာ နှစ်မျုးိနှစ်စားရှိပြီး အလေးကို ဆိုင် တွင် သွားဝယ်စဉ်ကတည်းက ပြည့်သောအလေးနှင့် မပြည့်သောအလေးကို ရွေးချယ်ဝယ်ယူလို့ရကြောင်း ဈေး ရောင်းသူတစ်ဦးဖြစ်တဲ့ ဒေါ်သိန်းဝင်းကပြောတယ်။

“ဈေးသမားတွေက လိမ်လို့ရတဲ့သူတွေကိုပဲ သူတို့လိမ်ကြတယ်။ ငါးဆယ်သားအလေးကို လေးဆယ့် ငါးကျပ်သား ဖြစ်အောင်လုပ်ထားတာရှိတယ်။ သိတဲ့လူဆိုရင် ငါးကျပ်သားပိုထည့်ပေးလိုက်တယ်” လို့ ဝါရင့် ဈေးသည်အမျိုးသမီးကြီးပြောပြတဲ့အခြေအနေအရ အ သူခံကြစတမ်းလို့ဆိုရမှာပါ။

“ငါးတစ်ပိဿာဝယ်တာ တစ်ပိဿာနဲ့ဆယ်ငါးကျပ်သား ငါးသည်ကချိန်ပေးခဲ့တယ်။ အပိုရတယ်ဆိုပြီး ဝမ်းသာနေတုန်း ဘေးဆိုင်က ပိဿာလေးနဲ့ပြန်ချိန်ကြည့်လိုက်တော့ ၇၅ ကျပ်သားပဲရှိပြီး နှစ်ဆယ့်ငါးကျပ်သား လျော့နေသေးတာ ကြုံခဲ့ဘူးတယ်” ဟု ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်တွင် နေထိုင်သူ ဦးကုလားလေး က သူ့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

တစ်ချို့သော အလေးခိုးသောသူများမှာ ချိန်ခွင်လျှာကိုကြပ်အောင်(လှုပ်ရှားမှုလေးအောင်) လုပ်ထား ကြပြီး၊ ပစ္စည်းထည့်သည်နဲ့တစ်ပြိုင်နက် ချိန်ခွင်ဘောင် တစ်ဖက်က အရှိန်နဲ့ အောက်သို့လျှောကျသွားပြီး ပြန် တက်မလာသည့်နည်းဖြင့်လည်း အလေးခိုးကြသည်ဟု သံဖြူဇရပ်မြို့နယ်၊ အနင်းရွာ၌ ဈေးလာဝယ်သူတစ်ဦး ဖြစ်သည့် မိကွန်းဒိမှ ၎င်း၏ အတွေ့အကြုံကို ပြန်လည်မျှဝေ ပြောဆိုပါတယ်။

“အလေးမှန်၊ ချိန်ခွင်မှန်နဲ့ သုံးစွဲရောင်းချ နေကြတဲ့ဆိုင်တွေကတော့ ချိန်ခွင်လျှာကို ညီရုံမျှဖြင့်သာ ချိန် ပေးတတ်ကြပြီး၊ အလေးခိုးတဲ့သူတွေကတော့ ချိန်ခွင်လျှာကို စောင်းတဲ့အထိ ချိန်ပေးတတ်ကြတယ်” ဟု သူက ဆက်ပြောပါတယ်။

အလေးတင်းတောင်း အချိန်အတွယ် ကိရိယာတွေကို လိမ်လည်လှည့်ဖြားလိုတဲ့သဘောနဲ့ မမှန်မကန် အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းတွေ ပြုလုပ်ခဲ့လျှင် ထောင်ဒဏ်ထိုက်တဲ့ပုဒ်မတွေနဲ့ အရေးယူ လို့ရကြောင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၆၄၊ ၂၆၅၊ ၂၆၆၊ ၂၆၇ တို့အရ လေ့လာတွေ့ရှိရပြီး ပုဒ်မတစ်ခုချင်းတွင် တစ်နှစ်ထိထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ခုစလုံးသော်လည်းကောင်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဈေးအသီးသီးမှာ ဆိုင်ခန်းနဲ့ ပျံကျဈေးသည်တွေဆီက နေ့စဉ်ဈေးကောက် ကောက်နိုင်ဖို့အတွက် မြို့ နယ်စည်ပင်သာယာဌာနမှာ တစ်နှစ်တစ်ခါပြုလုပ်တဲ့ အရပ်ရပ်လေလံလိုင်စင်များ ရယူလုပ်ကိုင်နေကြတာ ကြောင့် အခွန်ဘဏ္ဍာငွေများ နိုင်ငံတော်မှ ရရှိထားပြီးလည်းဖြစ်ပါတယ်။

“တစ်ရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းကို အန်တုပြီး ပင်ပန်းစွာ လုပ်ကိုင်ရှာဖွေထားကြရတဲ့ ငွေကြေး တွေနဲ့ ဝယ်ယူတဲ့ပစ္စည်းတွေကို အလေးချိန်ခွင် သတ်မှတ်ချက်နဲ့အညီ ပြည့်ပြည့်ဝဝ ပြန်ရချင်တယ်၊ အခွန် ကောက်ထားတဲ့ ဌာနတွေက ဒါတွေကိုတော့ ပြည်သူကို ဝန်ဆောင်မှုပြန်ပေးစေချင်တယ်”လို့ ကျွဲခြံကျေးရွာက ဦးဝင်းညွန့်က အကြံပြုပြောဆိုပါတယ်။
law
မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ သမာဓိမရှိသော အလေးချိန်များဖြင့် ရောင်းသူများမှ ချိန်တွယ်ပြီး ဝယ်သူဘက်မှ နစ်နာဆုံးရှုံးမှုမျိုးစုံ ခံနေရသောအဖြစ်အပျက်နှင့် ၎င်းအလေးခိုးမှုကြောင့် ဖြစ်ပျက်လာသော ပြဿနာပေါင်းစုံတို့မှ သမာဓိချိန်ခွင်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ မသုံးစွဲစသရွေ့ တင်းကျပ် သော ဥပဒေများပြဌာန်းပေးပါသော်လည်း အကောင်အထည် မဖော်နိုင်သရွေ့တော့ အလေးခိုးသည့် ကိစ္စမှာ ဆက်လက်၍ တည်ရှိနေပေဦးမည်။

ဝရဇိန်(ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.