ပေါင်၊ စက်တင်ဘာ ၂၄

ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု သိုးကျရွာရှိ အင်ကြင်းစိမ်းစားသောက်ဆိုင်တွင် လာရောက် စားသောက်သူတစ်ဦးထံမှ မူးယစ်ဆေးပြားများကို သထုံခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူဌာနမှ နယ်မြေခံရဲတို့ ပူးပေါင်း ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကြိုတင်သတင်းအရ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ၄နာရီအချိန်တွင် သထုံခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူ

ဌာနမှ ရဲအုပ်အောင်သူနှင့် တပ်ဖွဲဝင်များ မုတ္တမရဲစခန်းမှ နယ်ထိန်းခင်မောင်လွင်နှင့် သက်သေလူကြီးများ

ပါဝင်သည့်အဖွဲ့က အင်ကြင်းစိမ်း စားသောက်ဆိုင်သို့ ဝင်ရောက်စစ်ဆေးကြစဉ် စားသောက်ဆိုင် အခန်းအမှတ် (၂)တွင်ရှိနေသည့် ဝင်းထွေး(၁၇)နှစ်၏ လက်ထဲမှ WY ဆေးပြားပန်းရောင် ၆၄ ပြားအစိမ်းရောင် ၁ပြား တွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါမူးယစ်ဆေးပြားများဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီးရဲကစစ်ဆေးရာတွင် “သူက ကျိုက်မရော မြို့နယ် ကျုံဝမ်ရွာကပါ။ ဖမ်းမိတဲ့နေ့ကပဲ သူနေတဲ့ကျုံဝမ်ရွာက ကိုမွတ်ဆီကနေ တစ်ပြားကို နှစ်ထောင်ကျပ်နဲ့ ဝယ်လာတယ်လို့အစစ်ခံထားပါတယ်”ဟု အမှုစစ် ရဲအုပ်သိန်းလွင်က သံလွင်တိုင်းမ်သို့ပြောသည်။

အဆိုပါအမှုဖြစ်စဉ်အပေါ် ရဲအုပ်အောင်သူမှတရားလိုပြုလုပ်တိုင်တန်းချက်အရ အင်ကြင်းစိမ်းစားသောက်ဆိုင်အခန်းအမှတ်(၂)တွင် စားသောက်နေသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျုံဝမ်ကျေးရွာ နေ ဝင်းထွေး ၁၇နှစ်နှင့် ကိုမွတ် ၄၅ နှစ် ကျုံဝမ်ရွာနေသူတို့ကို မုတ္တမရဲစခန်း၏ မယ(ပ)၆/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅ /၁၉က/၂၁တို့အရအရေးယူထားကြောင်း သိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.