သံဖြူဇရပ်၊ စက်တင်ဘာ၂၄

သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် စက်တင်ဘာလ(၂၁)ရက်နေ့ညက အရက်မူးရာမှ စကားများ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အနင်းကျေးရွာနေ ဦးခွေးလေးသည် တစ်ရွာတည်းနေ ဦးပိန်တင်းနေအိမ်၌ ဦးပိန်သင်း ဦး အခရော့နှင့် မြဝတီမှ ဦးခွေးလေးနေအိမ်၌ တည်းခိုနေသော ဧည့်သည်တို့အတူ အရက်သောက်ခဲ့ကြောင်း၊ အရက်ကုန်သွား၍ ဦးခွေးလေးမှ အရက်ထပ်ဝယ်ယူတိုက်ရန် ပြောရာမှ ဦးခွေးလေးနှင့်ဦးပိန်တင်းတို့ စကားများ ရန်ဖြစ်ကြပြီး ဦးခွေးလေးမှ ဦးပိန်တင်းအား ခြေထောက်ဖြင့်ကန်၍ ဦးပိန်တင်းမှ နေအိမ်မှပြန်သွားခဲ့ကြောင်း၊ ထို့နောက်ဦးပိန်တင်း ဦးအခရောက်နှင့် မြဝတီတို့ သုံးဦးမှ ဦးခွေးလေးနောက်တို့လိုက်သွားပြီး တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ကာ ဦးခွေးလေးအား နေအိမ်နှင့် ကိုက်၃၀ခန့်အကွာရှိ ခြံထဲတွင် ပြစ်ထားခဲ့ကြောင်း၊ တုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းယာဘက်ကြေမွဒဏ်ရာ ဦးခေါင်းထက်နှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိပြီး ပတ်လက်အနေထားဖြင့် သေဆုံးနေသည်ကို ဦးခွေးလေး၏ညီမဖြစ်သူ ဒေါ်ချိုအေးနှင့် အိမ်နီးချင်းများမှ စက်တင်ဘာ(၂၂)ရက်နေ့ မနက်ပိုင်းက တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထို့နောက် အနင်းရဲကင်းစခန်းသို့ အကြောင်းကြားပြီး အနင်းရဲကင်းစခန်းမှူး ရဲအုပ်စိုးမြင့်အောင်နှင့် အဖွဲ့များ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးပြီး တရားခံဦးပိန်တင်းအား ဖမ်းဆီးရမိခဲ့ပြီး ဦးအခရောက်နှင့် မြဝတီတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သတ်၍ သံဖြူဇရပ်ရဲတပ်ဖွဲ့စခန်းမှ (ပ) ၁၄၂/ ၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၀၂)အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
thanbyuzayat
သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.