ရဲနိုင်ဦး
အစိုးရသစ်တက်လာပြီးသည့် ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်မှ မေလ ၅ ရက်အထိ တစ်လကျော်အကြာ နိုင်ငံတော်သမ္မတရုံးမှာ တိုင်စာပေါင်း ၁၉၇၃ စောင်ရောက်ရှိခဲ့တယ်လို့ သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
သမ္မတရုံးမှ ဦးဇော်ဌေးက ”စာတွေကတော့အစုံပဲ၊ တချို့စာတွေကျတော့ တိတိကျကျ အကြောင်းအရာကို မရေးထားဘဲ ပစ်စာသဘောမျိုး တိုင်တာတွေလည်း ရောက်တယ်။ အခု ရက် ၁၀၀ အတွင်း ဖုန်းမက်ဆေ့ချ်နဲ့ တိုင်ကြားသူကို စစ်ဆေးလို့ရအောင် SMS Verification စနစ်ကို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်”ဟု ဆိုပါတယ်။ SMS Verification စနစ်ကို အသုံးပြုရာမှာ သမ္မတရုံးဝက်ဆိုက်မှ တိုင်ကြားသူများအနေနဲ့ ပထမဦး စွာ မိမိ ၏အမည် နှင့် ဖုန်းနံပါတ်ကို ဖြည့်သွင်းရမည်ဖြစ်ပြီးဝက်ဘ်ဆိုက်က ဖြည့်စွက်ထားသည့် ဖုန်းနံပါတ်ကို ကုတ်နံပါတ် ပြန် လည်ပေးပို့မည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် တိုင်ကြားစာကို ရေးသားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံးသို့ တလကျော်အတွင်းရောက်ရှိသည့် တိုင်စာများတွင် နိုင်ငံတော်သမ္မတထံ လိပ်မူပြီး တိုင်ကြားသည့် စာပေါင်း ၁၁၆၆ စောင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ လိပ်မူပြီး တိုင်ကြားသည့်စာ ၇၈၂ စောင်နှင့် အစိုးရ အဖွဲ့ရုံးထံ လိပ်မူသည့်တိုင်စာ ၂၅ စောင်ရရှိခဲ့ပြီး အချက်အလက် မပြည့်စုံသည့်စာပေါင်း ၇၇၁ စောင် ဆောင် ရွက်ရန်ကျန်ရှိသည့် တိုင်စာ ၆၃၅ စောင်နှင့် ပြန်လည်ဖြေကြားပေးသည့် စာပေါင်း ၇၄ စောင် ရှိကြောင်းလည်း News Watch(စောင့်ကြည့်သတင်းဂျာနယ်)က သတင်းဖော်ပြချက်အရ သိရသည်။
မိမိတို့ရပ်ကွက်၊ ကျေးရွာ၊ ထိုမှတဆင့် မြို့နယ်အဆင့်ဆီက ဘာကြောင့်များ နိုင်ငံတော်အကြီးအကဲထိရောက် အောင် တိုင်နေကြသလဲဆိုတာ သာမန်အားဖြင့် အောက်ခြေအဆင့်က အရေးတယူဆောင်ရွက်ပေးမှုမရှိခြင်း၊ အရေးယူဆောင်ရွက်ပေးသော်လည်း ကျေနပ်မှုမရှိခြင်း၊ ဂုဏ်သိက္ခာပိုင်းအရ မိမိနိုင်သည်အထိ အထက် အဆင့်ဆင့်ကို တိုင်ကြားကြခြင်း၊ အောက်ခြေက အမှန်ကို အမှားဟု ဆုံးဖြတ်ချက်ပေးလိုက်ခြင်း၊ အောက်ခြေ ကို ယုံကြည်မှုမရှိခြင်းတို့ဖြစ်တာကို သုံးသပ်ရရှိပါတယ်။ အောက်ခြေအဆင့် ပတ်သက်သူတွေရဲ့ အမြင်ကို ဆွေးနွေးကြည့်တော ဒီလို ဆိုကြပါတယ်။
“ မြို့နယ်ထဲမှာဖြစ်တဲ့ကိစ္စတစ်ခုအနေနဲ့ဆိုရင် အများအားဖြင့် မြို့နယ်ဌာနဆိုင်ရာတွေကိုတိုင်တဲ့နေရာမှာ အရင်ခေတ်အဆက်ဆက်ကဖြစ်လာခဲ့တာက ဘာလဲမထူးဘူးဆိုတာက အစဉ်အဆက်ဖြစ်လာခဲ့တယ်။ အဲဒီတော့ ခုလိုမျိုး နေရာစုံတိုင်ကြားရတဲ့အယူအဆဖြစ်လာတာက အဲဒီအချက်ကြောင့်ပဲ။ ပြည်နယ်ကိုတိုင် သော်လည်းပဲ မြို့နယ်ကိုလှမ်းအကြောင်းကြားတယ်၊ နောက်ဆုံး မြို့နယ်ကပဲ ဆုံးဖြတ်တယ်၊ ဆိုပါစို့ လွှတ်တော်မှာ မေးခွန်းတစ်ခုမေးတယ်၊ ဝန်ကြီးက သက်ဆိုင်ရာကို ပြည်နယ်ကို ပြန်မေးတယ်၊ ပြီးတော့ ပြန်ပြောတယ်၊ တကယ်အလုပ်လုပ်တဲ့နေရာက အောက်ခြေပဲ၊ အောက်မှာလုပ်လို့ရတာကို အပေါ်ကခိုင်းမှ အောက်ကပြန်ပြန်လုပ်နေရတယ်၊ အမှန်က အောက်က တိုက်ရိုက်သူလုပ်လို့ရတဲ့ဟာကို မလုပ်ဘူး၊ တစ်နည်းအားဖြင့် တာဝန်မခံချင်ဘူး၊ အဲဒီတော့ အပေါ်ကနေခိုင်းမှပဲ ပြန်လုပ်တယ်၊ တာဝန်ခံရမယ့်အစား လွတ်အောင်ရှောင်ပြီးတော့အလုပ်လုပ်တယ်၊ ခေါင်းမခံဘူးပေါ့၊ အဲဒီအခါကျတော့ ပြဿနာတွေက ပြတ်ပြတ် သားသား ဖြေရှင်းမရလာဘူး။ ၂၀၁၅ အပြီး အစိုးရသစ်လက်ထက်မှာ အစိုးရသစ်လို့ဆိုပေမယ့် ဝန်ကြီးအဆင့်ပဲ ရှိတယ်၊ ပြန်ကြည့်ရင် အောက်ကခေတ်အဆက်ဆက်ကလူတွေချည်းပဲ၊ အသစ်ဆိုလို့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ အစိုးရအဖွဲ့တွေရယ်ပဲ မြင်ကြတယ်၊ ကျန်တာကို အဟောင်းတွေလို့ပဲမြင်တယ်။ အဲဒီအခါကျတော့ ဘာကြောင့်အထက်ကိုတိုင်ရသလဲဆိုတာ ဖြစ်လာတယ် ” လို့ ရေးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။
နိုင်ငံတော်အဆင့်က မူဝါဒချမှတ်တဲ့အဆင့်ဖြစ်လို့ တိုင်ကြားသူ၏ကိစ္စက နိုင်ငံတော်အတွက် သတိထားမိစရာ ဖြစ်ချင်မှဖြစ်မယ်။ ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ ကိစ္စအကြီးကြီးတွေနဲ့ပိနေပြီး ဗဟိုမှ၊ ပိုအဆင့်မြင့်တဲ့သူကိုမှ တိုင်မယ်၊ ကိုင်ခိုင်းမယ်ဆိုတာကလဲ စဉ်းစားရတော့မယ့်သဘောဖြစ်နေပါတယ်လို့ သံဖြူဇရပ်မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်ကတော့ သူ့ရဲ့အမြင်ကို ပြောပါတယ်၊ သူက ဆက်ပြီးတော့ –
“ ဒေသန္တရအုပ်ချုပ်ဆိုင်ရာတွေဟာ သူ့လုပ်ပိုင်ခွင့်တွေ ရှိပြီးသားပါပဲ။ ခြုံငုံပြီးပြောရရင် ဒီအဆင့်က နေ့စဉ် စီမံခန့်ခွဲမှုတွေလုပ်ရတဲ့အဆင့်ဖြစ်သလို ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့နေရတဲ့အဆင့်ဖြစ်ပါတယ်။ ပြည်သူ တွေအနေနဲ့ကလဲ တိုင်ကြားမှုတွေမထိရောက်တာ၊ မိမိတိုင်ကြားလိုက်တဲ့ဟာကို ဌာနအနေနဲ့ လုပ်ကိုင်သော်လဲ မထိရောက်တာတွေကတော့ ရှိပါတယ်။ ရှိနေတယ်။ ဒါက အကြောင်းအရင်းများစွာရှိလို့ သီးခြားပြောမှ ပြည့်စုံ မယ်။ ဒီနေရာမှာ ကျနော့်သဘောဆိုရင်တော့ ဘာကြောင့်ဖြစ်ဖြစ် ထိရောက်မှုမရှိလို့ဖြစ်စေ၊ ကျေနပ်ဖွယ်ရာ မရှိလို့ဖြစ်စေ တိုင်ကြားတာကတော့ မြို့နယ်အဆင့်ကိုသာ သက်ဆိုင်ရာကို လိပ်မူပြီးတိုင်သင့်တယ်။ ထိရောက် မှုရှိစေဖို့ဆိုရင် တိုင်ကြားချက်ကိုယ်တိုင်က အကြောင်းအရာရှင်းလင်းပြတ်သားဖို့လိုသလို မိတ္တူကိုလဲ ဖြန့်ဝေ တဲ့အခါ ကော်မတီဥက္ကဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်လွှတ်တော်ကဖွဲ့ထားတဲ့ အသနားခံစာ နှင့်တိုင်ကော်မတီ၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးတွေကိုလဲပေးပေါ့။ ဒါဆိုရင် လိပ်မူခံရတဲ့ဌာနအနေနဲ့ အလေး ထားလာမှာဖြစ်သလို မိတ္တူလက်ခံရရှိသူတွေအနေနဲ့လဲ ကိုယ့်ကိစ္စကိုသိပြီးဖြစ်တဲ့အတွက် လိုအပ်ရင် သူတို့လဲ ဝိုင်းကူူပေးနိုင်မှာပေါ့ ” လို့ ပြောပါတယ်။
“ လိုအပ်ရင် သက်ဆိုင်ရာဌာနနဲ့ထိတွေ့။ အဆင်မပြေရင် ကျွမ်းကျင်နားလည်သူတွေအကူအညီကိုလဲယူ။ ဒေါသနဲ့ မတိုင်နဲ့။ ဒေါသနဲ့တိုင်စာမရေးနဲ့။ ပြဿနာပြေလည်ရေး၊ မိမိကိစ္စအဆင်ပြေရေးအတွက်သာဦးတည်ပြီး တိုင်စာ၊ အသနားခံစာရေး။ သက်ဆိုင်ရာတွေနဲ့ အပြန်အလှန်လေးစားမှုနဲ့ဆောင်ရွက်မယ်ဆိုရင် ထိရောက်လာ မှာပါ ” သူက အကြံပြုပါတယ်။
မြို့နယ်အဆင့်တာဝန်ရှိသူအချို့ကလည်း မြို့နယ်အတွင်း တက်လာတဲ့တိုင်စာတွေအားလုံးကို အချိန်နဲ့ တပြေး ညီ ဖြေရှင်းပေးနေသလို အဲဒီအပေါ် ကျေနပ်မှုရှိမနေခြင်းနှင့် ပို၍လေးနက်စေလိုသည့်သဘောဖြင့် အထက်ကို ဆင့်ကဲတိုင်ကြားရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
“ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလိပ်မူပြီးတိုင်ပြီဆိုကတည်းက အဖွဲ့ဖွဲ့ပြီးတော့ စိစစ်ဆောင်ရွက်ပေး တာတွေလုပ် တယ်။ ဒါပေမယ့် တိုင်ကြားတဲ့သူတွေရဲ့ စိတ်ထဲမှာက သမ္မတဆီ၊ ဝန်ကြီးချုပ်ဆီကိုတိုင်မယ်ဆိုရင် ပိုပြီး လေးနက်မယ်ထင်လို့ပေါ့၊ သူတို့အနေနဲ့ကလည်း တိုင်ပိုင်ခွင့်၊ တင်ပြပိုင်ခွင့်ရှိနေတာ၊ ကျွန်တော်တို့ဆီကို တိုင်လာရင်တော့ အရေးယူဆောင်ရွက်ပေးနေပါတယ်၊ ဘယ်လိုဖြစ်သင့်လဲဆိုတော့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးလောက်နဲ့ဖြေရှင်းနိုင်တဲ့ဟာတွေဆိုရင် အဲဒီမှာပဲတိုင်သင့်တယ်၊ သူတို့က မဆောင်ရွက်ဘူးဆိုရင် မြို့နယ်ကိုတိုင်ပေါ့၊ မြို့နယ်ကမဖြေရှင်းပေးနိုင်ဘူးဆိုရင် ဝန်ကြီးချုပ်ကိုတိုင်ပေါ့၊ အမှန်က အပေါ်မှာ တိုင်ထား ပေမယ့်လဲ ဒီကိုပဲ ပြန်ရောက်တာပါပဲ၊ အချို့ဆို အကြိမ်ကြိမ်တိုင်တာတွေရှိတယ်၊ သူတို့တွေမှန်နေတယ်လို့ ထင်ထားတာက ဥပဒေနဲ့စိစစ်ကြည့်လိုက်တော့ မမှန်နေတာတွေရှိနေတာ၊ အဓိကကတော့ သူတို့လိုအပ်ချက်နဲ့ မညီလို့ ထပ်ပြီးတိုင်ကြပါတယ်၊ မြို့နယ်အနေနဲ့ကတော့ အဖွဲ့တွေဖွဲ့ပြီးတော့ အချိန်နဲ့တပြေးညီဆောင်ရွက်ပေး နေတာပါ ” လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ပြောပါတယ်။
အချိန်နဲ့တပြေးညီဖြေရှင်းပေးနေတဲ့အတွက် မိမိထံသို့ တိုက်ရိုက်လာရောက်တိုင်ကြားနိုင်တယ်လို့လဲ ရေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က ပြောပါတယ်။ သူက –
“ ပြည်သူတွေရဲ့အမြင်က ဘာလဲဆိုတော့ နစ်နာမှုဖြစ်လာလို့ရှိရင် အထက်အကြီးအကဲကိုတင်ပြရင် ပိုထိ ရောက်မယ်လို့မြင်ကြတယ်၊ အမှန်ကတော့ အောက်ခြေမှာတင် သက်ဆိုင်ရာဌာနတွေမှာ တိုင်တန်းရင်လဲ ဖြစ် တယ်။ ဥပမာ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က စော်ကားနေတယ်၊ တပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်း အောင် ပြုမူပြောဆိုနေမယ်ဆိုရင် ကျွန်တော့်ကိုတိုင်ရင် ကျွန်တော်က အရေးယူဆောင်ရွက်ပေးလို့ရတယ်၊ အဲ့လိုမဟုတ်ပဲ အကြီးအကဲထိတိုင်တော့လည်း ကျွန်တော်တို့ဆီကိုပဲ ပြန်ကျတယ်။ မှန်ကန်မှုရှိ/မရှိ အထက် ကတော့ ပြန်စိစစ်ခိုင်းမှာပဲ၊ အကယ်၍ အောက်က မဆောင်ရွက်ပေးဘူးဆိုရင်တော့ ကိုယ့်ရဲ့နစ်နာမှုကို တင်ပြ ပေါ့၊ ကျွန်တော့်ဆီမှာဆိုလည်း တိုင်တန်းမှုကိုလက်ခံရရှိတာနဲ့ တစ်ခါတည်းခေါ်တွေ့ပြီး ဖြစ်စဉ်မှန်မမှန်ရှင်း တယ်၊ တဖက် ကျေနပ်ရင်ကျေနပ်၊ မကျေနပ်ရင် အရေးယူဆောင်ရွက်ပေးပါတယ်၊ တိုက်ရိုက်လာတိုင်လဲရ တယ်၊ အချိန်နဲ့တပြေးညီဖြေရှင်းပေးနေပါတယ်၊ ပြည်သူရဲ့နစ်နာမှုကို ဖြေရှင်းပေးရမယ့်တာဝန်ရှိတယ် ” လို့ ဆိုပါတယ်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ရေးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအောင်ထွန်းခိုင်က မိမိတို့ထံတင်ပြတိုင်ကြားရာတွင် ပုဂ္ဂလိကတိုင်စာထက် အကြံပြုချက်များ၊ ဒေသတွင်း လိုအပ်ချက်များကို တင်ပြတိုင်ကြားပါက ပိုမိုကောင်းမွန်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ တင်ပြချက်တွေထဲမှာ အများအားဖြင့် မူးယစ်ဆေးဝါးကိစ္စ၊ လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ ရပ်ကျေးများမှာ မြေယာ ကိုသိမ်းပိုက်ခြင်း ဒါမှမဟုတ် အကွက်ချပြီးတော့ ရောင်းချခြင်းကိစ္စတွေ၊ ပညာရေးအဆောက်အဦး မလုံလောက် တာတွေကို လေ့လာတိုင်ပင်ဆွေးနွေးပြီးတော့ ရပ်ကျေးမှာပဲဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ပါက မြို့နယ်အဆင့် တက်ဖို့ ဒိထက်လိုအပ်ပါက ပြည်နယ်အဆင့်၊ ပြည်သူ့လွှတ်တော်အဆင့်ထိတင်ပြရန် နယ်တွေရောက်တိုင်း
ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တာဝန်ယူတဲ့အတွင်းမှာ ကျွန်တော်တို့မြို့နယ်မှ ပုဂ္ဂလိကတိုင်ကြားစာတွေ မရောက်ရင်တော့ ကောင်းတာပေါ့၊ အကြံပြုချက်တွေ၊ ကျေးရွာများမှာလိုအပ်နေတဲ့ ကျောင်းတို့၊ တံတား တို့ကိစ္စတွေ တင်ပြရင်တော့ ပိုပြီးဝမ်းသာမိမှာပေါ့ ” လို့ အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“နစ်နာချက်တွေတင်ပြတဲ့အပိုင်းဆိုရင်တော့ ဒေသခံတွေ တင်ပြတဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေဘက် က ပုံစံအမျိုးမျိုးနဲ့ပါဝင်ကူညီပေးနေတယ်လို့ပဲပြောရမှာြ
ဖစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေက လည်း ကိစ္စတစ်ခုခုကြောင့် သက်ဆိုင်ရာကိုတင်ပြမယ်ဆိုတဲ့အခါမှာ အနည်းဆုံးတော့ အဲဒီမြို့ အဲဒီရွာမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီမှာ အကူအညီတောင်းကြတာများတယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကိုယ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ လူထုကိုယ်စား ကိုယ်တိုင်ရှေ့ထွက်ပြီး ကူညီပေးတာမျိုးရှိတယ်၊ အများအားဖြင့်က ဒေသခံ အကြောင်းအရာတစ်ခုခုကို တင်ပြတောင်းဆိုတာကို တက်ကြွလှုပ်ရှားသူ အရပ်ဘက်အဖွဲ့တွေကပဲ ဦးဆောင်ပေးတာများတယ်၊ တချို့ကိစ္စတွေမှာတော့ သွယ်ဝိုက်ပြီး ကူညီပေးတာရှိတယ်၊ ကူညီတဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်းတွေလည်း သတိထားနေရတဲ့အရာတွေရှိတယ်၊ အဓိကက ဒေသခံတွေကိုယ်တိုင်က ကိုယ့်နစ်နာမှုကို ကိုယ်တိုင်တင်ပြ အရေးဆိုတာမျိုးဖြစ်ဖို့လိုတဲ့အတွက် လိုအပ်တဲ့အကြံပြုမှု၊ ပံ့ပိုးမှုတွေပေးတာ လောက်ပဲလုပ်ကြတယ်၊ ဘေးပယောဂကြောင့် လုပ်တာမျိုး၊ ဘေးကနေဝင်စွက်ဖက်ပြီး မြှောက်ထိုးပင့်ကော် လုပ်တာမျိုးမဖြစ်အောင်ပေါ့ ” လို့ မွန်ပြည်နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက်မှ ညှိနှိုင်းရေးမှူးက တိုင်ကြားစာများနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများရဲ့ကူညီပေးနေမှုကို ပြောပါတယ်။
နစ်နာမှုကို တိုင်ကြားနေသည့် ဒေသခံများအနေဖြင့် ခေတ်စနစ်များ ပြောင်းလဲလာနေသော်လည်း သက်ဆိုင်ရာ ဌာနများသို့ သွားရောက်တိုင်တန်းရာတွင် မဝံ့မရဲဖြစ်နေဆဲပင်ဖြစ်ပြီး နိုင်ငံတော်အဆင့်သို့တင်ပြတိုင်ကြားမှသာ ပိုမိုထိရောက်နိုင်မှာဖြစ်တယ်လို့လဲ အများစုက ယူဆနေကြဆဲပါ။
“ အပေါ်ကိုတိုင်မှ ထိရောက်တယ်လို့မြင်တယ်၊ အပေါ်ကနေကျလာတဲ့ကိစ္စကို အောက်က ဖြေရှင်းပေးတာ ပိုမိုလေးနက်တယ်လို့ယူဆတယ်၊ အဲဒါနဲ့မှ ကျေနပ်မှုမရှိသူတွေကျတော့လဲပဲ အမှုတွေဖြစ်ကြ၊ တရားတွေစွဲကြ တာတွေလဲ တွေ့ဖူးပါတယ် ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးရွှေသန်းက ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တိုင်ကြားစာများနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်တာများကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ခုလို ပြောပါတယ်။
“ တိုင်ကြားချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့အပိုင်း အနေနဲ့ပြောရရင် အပိုင်း (၂)ပိုင်းခွဲပြီးတော့ လုပ်ပေးနိုင်တယ်၊ တစ်ပိုင်းက မြို့နယ်အဆင့်ကိုပြန်ရောက်ရင် တာဝန်ရှိတဲ့သူတစ်ယောက်ကို အကျိုးကြောင်းပြောပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်တယ်။ နောက်တစ်ပိုင်း က လွှတ်တော်ထဲကလုပ်လို့ရတဲ့အပိုင်းပေါ့၊ လွှတ်တော်မှာ ကော်မတီတွေရှိတယ်၊ သက်ဆိုင်ရာအလိုက်ပေါ့၊ ဒီကော်မတီတွေက ပြည်ထောင်စုအဆင့်တွေဖြစ်တဲ့အတွက်ကြောင့် ဒီကော်မတီတွေဆီ စာရောက်ရင် နေ့စဉ် လွှတ်တော်ပြီးတာနဲ့ တိုင်စာကိစ္စတွေကို ဖြေရှင်းပေးနေတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုခေါ်မေးရင် အနည်းဆုံး ညွှန်ချုပ်အဆင့်က အနိမ့်ဆုံးလာတယ်၊ ဒါက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ပေးနိုင်မှု ပေါ့ ” လို့ ဆိုပါတယ်။
တိုင်ကြားသူပြည်သူများအနေဖြင့် မိမိတို့ရဲ့မှန်ကန်တဲ့တင်ပြတိုင်ကြားချက်များအပေါ် ထိရောက်မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ရယူလိုစမြဲပါ။ ဖြေရှင်းဆောင်ရွက်ပေးမှုအတိုင်းအတာအလျောက် တိုင်ကြားရမည့်သူများ ကိုလည်း မှန်ကန်စွာ ရွေးချယ်တိုင်ကြားဖို့လဲ လိုအပ်မှာပါ။ ဒေသအတွင်း ပြည်သူ့အရေးဆောင်ရွက်နေကြသည့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း သက်ဆိုင်ရာပါတီရုံးများမှတဆင့် ဖြေရှင်းဆောင်ရွက်ပေး နေရမှာပါ၊ ထိရောက်သည့် လူမှုအဖွဲ့အစည်းများကိုအား၊ အကြံဉာဏ်တွေနဲ့ ပြည်သူများ၏ အမှန်တကယ်နစ်နာ ဆုံးရှုံးမှုများကို အကျိုးကြောင်းခိုင်လုံစွာတင်ပြရင်းဖြင့် ကြန့်ကြာမှုမရှိသောနည်းလမ်းများဖြင့် တင်ပြတိုင်ကြား ကြစေဖို့ပါပဲ။