Photo- Southern Myanmar FC

မော်လမြိုင်၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် Southern Mayanmar ဘောလုံးအသင်းမှ မော်လမြိုင်မြို့ရှိ ရာမည အားကစားကွင်း(ယခင် မြင်းပြိုင်ကွင်း) ကျောင်းသားအားကစားကွင်းအား ပြန်လည် ပြုပြင်ကာ အိမ်ကွင်းပွဲစဉ်များအတွက် အခြေချနိုင်အောင် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

MNL- 1 (2016) ဘောလုံးရာသီပိတ်သိမ်းချိန်တွင် တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ခြင်းကြောင့် မော်လမြိုင်တွင် အခြေချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အရင်က ဘာလို့မကစားခဲ့လဲဆိုတော့ အသင်းတွေရဲ့ တာဝန်ခံတွေက ဘောလုံးအသင်းတစ်သင်း ထောင်တဲ့အတွက် ကလေးတွေရဲ့ လစာ၊ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး အကုန်လုံးကို အသင်းရဲ့ တာဝန်ခံက တာဝန်ယူရတယ်။ ကျွန်တော်တို့အသင်းက သူများအသင်းလို ဆောက်ပြီးသားကွင်းကို ဝင်လုပ်လို့မရဘူး။ မြက်တွေလည်းစိုက်ရတယ်။ အနည်းဆုံး(၃)နှစ် (သို့မဟုတ်) (၄) နှစ်လောက်မှ ကန်လို့ ရတာပါ။ အခုမြက်စိုက်တဲ့ကာလတော့ပြီးပြီ၊ ပွဲကြည့်စင်တွေနဲ့ Score Board တွေထောင်နေတယ်”ဟု အဆိုပါ အသင်း၏ ဘောလုံးကွင်းတာဝန်ခံအုပ်ချုပ်ရေးမှူး ဦးလှဝင်းက သံလွင်တိုင်းမ်သို့ပြောသည်

ဆောက်သမ်းမြန်မာအသင်းအနေဖြင့် မိမိတို့အိမ်ကွင်းတွင် ပြန်လည် ကစားရန် စီစဉ်ခြင်းကို အဆိုပါ အသင်း၏ပရိတ်သတ်များကလည်းဝမ်းသာကြိုဆိုနေကြကြောင်းသိရသည်။

“အိမ်ရှင် အသင်းတိုင်းက ကိုယ့်မြို့ ကိုယ့်အိမ်ကွင်းမှာ ကစားသင့်ပါတယ် တခြားအသင်းတွေလည်း အိမ်ကွင်းရှိကြပါတယ် အခုကိုယ့်ပြည်နယ် ကိုယ့်မြို့မှာ အိမ်ကွင်းအဖြစ် အခြေချမယ်ဆိုတော့ အကောင်းဆုံး ပါပဲ”ဟု အဆိုပါအသင်း၏ပရိတ်သတ်တစ်ဦးဖြစ်သူ ကိုဇွဲပိုင်ဦး ကပြောသည်။

ဆောက်သန်းမြန်မာအသင်းကို လာမည့် ၂၀၁၇ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် (၁) မှ (၅) အတွင်းဝင်နိုင်အောင်ကြိုးစားသွားမည်ဟု အသင်းမန်နေဂျာက ပြောကြားသည်။

Photo- Southern Myanmar FC
Photo- Southern Myanmar FC

“အိမ်ကွင်းကို မော်လမြိုင်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ကနေစပြီး လက်ခံကျင်းပသွားဖို့ စီစဉ်ထားတယ်။ ၂၀၁၇ ဆိုရင် အဆင့် 1 to 5 ဝင်အောင် ကြိုးစားသွားမှာပါ” အဆိုပါအသင်း၏ မန်နေဂျာဖြစ်သူ ဦးမြင့်ကြူက သံလွင်တိုင်းမ်သို့ စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့သည်

ဆောက်သန်းမြန်မာအသင်းသည် မြန်မာ့လက်ရွေးစင်အသင်းတွင် လက်စွမ်းပြကာကွယ်မှုများစွာ ပြုလုပ်ခဲ့သည့် ဂိုးသမား ကျော်ဇင်ဖြိုးကို မွေးထုတ်ပေးခဲ့ပြီး လက်ရှိတွင်တိုက်စစ်ကစားသမား၊အလယ်တန်းနှင့် အနောက်တန်းကစားသမားများကိုလည်း အသစ်ခေါ်လျက်ရှိကြောင်းသိရသည်

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.