ရေး ၊ စက်တင်ဘာ ၇

ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။

“ ပြည်နယ်တရားလွှတ်တော်ကို အမည်စာရင်းပေးပို့ထားဆဲပါ၊ ခုချိန်အထိအကြောင်းတစ်စုံတရာ ထူးခြားမှုမရှိသေးပါဘူး ” ဟု ၎င်းကဆိုသည်။

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀ အရ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် မြို့ပေါ်ရှိ ရပ်မိရပ်ဖများနှင့် လူမှုအဖွဲ့အစည်းအချို့အား ဖိတ်ကြားကာ ယင်းနေ့တွင် ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို ရွေးချယ်ခဲ့ကြပြီး အတွင်းရေးမှူးဖြစ်သူအား ပြည်နယ်ဥပဒေချုပ်မှ အမည်စာရင်းတင်သွင်း၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အတည်ပြုသော ၃ နှစ်အောက် မနည်း အမှုလိုက်ပါဆောင်ရွက်ခဲ့သည့်ရှေ့နေတစ်ဦးကို ဆက်လက်တာဝန်ပေးမည်ဖြစ်သည်ဟု သိရသည်။

“ ခုထိတော့ ဘာမှမသိရသေးပါဘူး၊ ဒီအဖွဲ့အစည်းက ပွင့်လင်းစွာနဲ့ပြောရရင် တရားဥပဒေရဲ့မဏ္ဍိုင်ကို ထိန်းညှိပေးနိုင်မှာ ရည်ရွယ်တယ်လို့မြင်တာပေါ့၊ ဒေသမှာက တရားရုံးအပါအဝင် ဥပဒေဆိုင်ရာနဲ့ပတ်သက်တဲ့ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရမှာကြောက်တဲ့ လူမှုအသိုက်အဝန်းတွေဖြစ်နေတာလေ၊ ခုလို အထောက်အကူပြု အဖွဲ့ရှိလာမှာဖြစ်တဲ့အတွက် ဒေသခံတွေမှာဖြစ်နေတဲ့ စိုးရိမ်စိတ်တွေ အကြောက်တရားတွေကို အဖွဲ့အနေနဲ့ ပူးပေါင်းကူညီနိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု အဆိုပြုခံထားရသူတစ်ဦးဖြစ်သည့် ရေးမြို့နယ်လူမှုအကျိုး ဆောင်အဖွဲ့အတွင်းရေးမှူးဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

ယင်းဥပဒေကို၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြည်ထောင်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများအား ပြဋ္ဌာန်းလိုက်သော ဤဥပဒေနှင့်အညီရှေ့နေငှားရမ်းပေးခြင်း၊ ဥပဒေဆိုင်ရာအသိပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်းတို့ အဓိပ္ပါယ်သက်ရောက်ကြောင်း ဖော်ပြထားသည်။
ye-law-office
အဆိုပါဥပဒေအရ ဥပဒေဆိုင်ရာအထောက်အကူတောင်းခံခွင့်ရှိသူများမှာ ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊တရားစွဲဆိုခြင်း၊ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခံရသည့်ဆင်းရဲနွမ်းပါးသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါ (သို့မဟုတ်) အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၊ နိုင်ငံခြားသားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များကိုလည်းကောင်း၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများကို လည်းကောင်း၊ ထူးခြားသည့်အကြောင်းအရာတစ်ခုခုကြောင့် အကူအညီတောင်းခံလာသည့်ပြစ်မှုနှင့်ဆိုင်သော သက်သေများကို လည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဥက္ကဋ္ဌဖြစ်သူအနေဖြင့် မြို့နယ်အတွင်း အများယုံကြည်လေးစားပြီး ဂုဏ်သတင်းရှိသော ဥပဒေပညာ တတ်ကျွမ်း နားလည်သူ၊ အဖွဲ့ဝင် ၃ ဦးအနေဖြင့် မြို့နယ်အတွင်း ဥပဒေဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် အတွေ့အကြုံရှိပြီး အများကယုံကြည်လေးစားသည့် ဒေသခံနှစ်ဦးနှင့် လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သောအဖွဲ့အစည်းများမှ ဥပဒေဆိုင်ရာအထောက်အကူပေးရေးလုပ်ငန်းနှင့်ပတ်သက်သည့် အတွေ့အကြုံ၊ ဗဟုသုတရှိသော ကိုယ်စားလှယ်တစ်ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.