ရေး၊ စက်တင်ဘာ ၅ ရက်

ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆင်းကဒ်လာရောက်မှတ်ပုံတင်သူ နေ့စဉ် ၁၀၀ နီးပါးခန့် ရှိနေကြောင်း ရေးမြို့ မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးစန်းနိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ သြဂုတ်လ ၂ ရက်နေ့ကစပြီးတော့ ဆင်းကဒ်တွေကို မှတ်ပုံတင်ပေးနေတယ် မိုးများတဲ့ရက်က လွဲြ့ပီးတော့ နေ့စဉ် ၆၀ နဲ့ ၁၀၀ ကြားရှိတယ်။ လူတွေ စိတ်ဝင်စားမှုများတယ် ” ဟု ၎င်းက ပြောသည်။

လာရောက်မှတ်ပုံတင်သူများအနေဖြင့် မှတ်ပုံတင်ပြုလုပ်မည့် ဆင်းကဒ်နှင့် ဖုန်းကို တစ်ပါးတည်း ယူဆောင်လာ ရန် လိုအပ်မည်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် လာရောက်လုပ်ကိုင်သူများအနေဖြင့် ကိုယ်စားလှယ်၏ မှတ်ပုံတင် နှင့်ပါ အတူလာရောက် လုပ်ကိုင်ရမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ စာချုပ်ရှိပြီးသူတွေအနေနဲ့ လုပ်ဖို့မလိုဘူး။ ဆင်းကဒ်အခွံက လူတိုင်းမှာ တော်ရုံမရှိနိုင်တော့လို့ ဆင်းကဒ်ပဲ အဓိက လိုတယ်။ နေ့စဉ် ရုံးချိန် ၉ နာရီခွဲမှ ၄ နာရီခွဲ ထိ အခမဲ့ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးနေ ပါတယ်။ လူတိုင်းကို လုပ်စေချင်တာပေါ့ မိမိနာမည် မိမိဖုန်း မှတ်ပုံတင်ထားခြင်းဖြင့် ပြည်သူတွေ လုံခြုံစိတ်ချစွာ အသုံးပြု နိုင်တာပေါ့။ မလုပ်ထားတဲ့ဖုန်းတွေရဲ့ နှောင့်ယှက်မှုတွေကိုလည်း မခံရတော့ဘူး” ဟု ဦးစန်းနိုင်က ရှင်းပြ သည်။
register-mpt-ye
နိုင်ငံတော်မှ လိုအပ်သည့်အတွက် လုပ်ခိုင်းသည့်အပြင် မိမိကိုယ်ပိုင်အမည်ဖြင့် မိမိဖုန်းနံပါတ်ကို အသုံးပြု ချင်သည့်အတွက် လာရောက်မှတ်ပုံတင်ခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့်ဖုန်းများကိုသာ အသုံးပြုခွင့်ပေး ခြင်းဖြင့် မလိုလားအပ်သည့် အနှောင့်အယှက်များကင်းမည်ဟုထင်မြင်ပါကြောင်းလည်း ရန်ကြီးအောင်ရပ်ကွက် နေ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

အဆိုပါ ဆင်းကဒ်မှတ်ပုံတင်ခြင်းကို ၂၀၁၇ ခုနှစ် မတ်လအကုန်နောက်ဆုံးထား ဆောင်ရွက်ပေးမည် ဖြစ်ပြီး လာရောက်မှတ်ပုံတင်မရှိသည့် ဆင်းကဒ်များကို ပိတ်သိမ်းသွားမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.