မော်လမြိုင်၊ စက်တင်ဘာ ၇

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ပြီး အခြေခံပညာကျောင်းများ၏ မေးခွန်းပေါက်ကြားမှုများ ထပ်မံမဖြစ်ပေါ်စေရန် ခရိုင်၊မြို့နယ်နှင့်ပြည်နယ် ပညာရေးမှူးရုံးများတွင် CCTV Camera တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

CCTV အလုံးရေ မည်မျှတပ်ဆင်မည်ကို မပြောနိုင်သေးသော်လည်း CCTV တပ်ဆင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

“လုံခြုံရေးအရတပ်ပေးတာပါ။ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကတော့ နှုတ်နဲ့ ပြောထားပါတယ်။ စာမေးပွဲကိစ္စတွေမှာ လုံခြုံရေးက အဓိကပဲလေ။ တက္ကသိုလ်စာမေးပွဲ (၈)တန်းနဲ့ (၄) တန်းစာမေးပွဲ စစ်ဆေးတဲ့ စင်တာတွေ မှာ တပ်ဆင်မှာပါ”ဟု မွန်ပြည်နယ် အခြေခံပညာ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က သံလွင်တိုင်းမ်သို့ပြောသည်။

တက္ကသိုလ်ဝင်တန်း အပါအဝင် စတုတ္ထတန်းနှင့် အဌမတန်း တို့ကိုပါ အစိုးရစစ် အနေဖြင့် စစ်ဆေးလျက်ရှိပြီး ယခင်နှစ်က ကဲ့သို့ မေးခွန်းပေါက်ကြားမှုမရှိစေရန်၊ ကျောင်းသားများနှင့် ဆရာ၊ဆရာမများနစ်နာမှု မရှိစေရန် စီစဉ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

“မေးခွန်းပေါက်ကြားမှုကလည်း ဆရာ၊ဆရာမတွေရဲ့ဂုဏ်သိက္ခာ အပိုင်းကို ထိန်းသိမ်းဖို့တော့ လိုအပ်မယ်။ ဆရာတွေရဲ့ကျင့်ဝတ်လည်းရှိတယ်။ အဲ့ဒါတွေ စောင့်ထိန်းကြမှသာ ဒီလိုကိစ္စမျိုးတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါလည်းသူ့တို့ကဏ္ဍ သူတို့လုပ်တာ စောင့်ထိန်းရမှာက ကိုယ့်အပိုင်း ပဲပေါ့”ဟု အ.ထ.က (ဇင်းကျိုက်) ကျောင်း၏ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်း ကပြောသည်။

ယခင် ၂၀၁၅ ခုနှစ်က မကွေးတိုင်းဒေသကြီးတွင် စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများ ပေါက်ကြားခဲ့ပြီး ကျောင်းအုပ်ကြီးများကို အရေးယူဆောင်ရွက်သည်အထိ ကြပ်မတ်ဆောင်ရွက် ခဲ့သည်။

“မေးခွန်းပေါက်တော့ အမှန်တကယ် ကြိုးစားတဲ့ ကလေးတွေ နစ်နာတာပါ့ မေးခွန်းသေချာ ထိန်းသိမ်းပြီး CCTV Camera တပ်မယ်ဆိုလို့ ဝမ်းသာရပါတယ် “ဟု အမည်မဖော်လိုသူ ကျောင်းသား မိခင်တစ်ဦးကပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၈)ခု ရှိပြီး ခရိုင် ပညာရေးမှူးရုံးပေါင်း (၆၀) ကျော်ရှိကြောင်းသိရသည်

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.