ပေါင်၊ စက်တင်ဘာ ၆
ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာ ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးကော်မတီမှ ငွေကြေး ကောက်ခံမှု၊ မီးလင်းရေးကိစ္စ မဟုတ်သည့်အခြားကိစ္စများတွင် ငွေများကို သုံးစွဲမှုများအပေါ် အများသဘောဆန္ဒမပါသဖြင့် ဒေသခံ ရွာသားများဝေဖန်မှုများပြုလုပ်လျက်ရှိသည်။
“သူတို့ကော်မတီဆိုတာက ၃/၄ယောက်နဲ့ပဲ လုပ်နေကြတယ်။ မီးလိုချင်တဲ့အိမ်ဆိုယင် ၇ သိန်းပေး ရတယ်။ ကျွန်တော်တို့ ရွာကမီးကြိုးဆီကနေဆွဲထားတဲ့ ရွာတွေတောင် တစ်အိမ်ကို (၃)သိန်းကျော်ပဲပေးရ တယ်။ ကောက်ထားတဲ့ငွေတွေကိုသူတို့က မီးကိစ္စနဲ့မဆိုင်တဲ့ကိစ္စတွေမှာ လိုက်သုံးတယ် ရွာသားတွေကို မတိုင်ပင်ပဲထင်သလို လုပ်နေကြတယ်”ဟုလက်ပံတောရွာမှ လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေသူ ကိုဇော်လေးက သံလွင်တိုင်းမ်သို့ ပြောဆိုသည်။
ကျေးရွာမီးလင်းရေးကော်မတီများအနေဖြင့် မူ(၁၂)ချက်နဲ့အညီ လုပ်ကိုင်ကြရမည်ဟု လျှပ်စစ် ဓာတ်အားပေးဝေရေးဌာနက ထုတ်ပြန်ထားပြီး ကောက်ခံရရှိငွေများကို ဘဏ်စာရင်းဖွင့်အပ်နှံထား ၍ လစဉ် ဘဏ်စာရင်းနောက်ဆုံးစာမျက်နှာအားမြို့နယ်အုပ်ချုပ်ရေးမှုးရုံးသို့မိတ္တူပေးပို့ထားရန်၊ အသုံးပြုမည့်ငွေကြေး ကိစ္စ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ ကြိုတင်ခွင့်ပြုချက်ရယူပြီးမှသုံးစွဲရန်စသည့် အချက်များအား လိုက်နာဆောင် ရွက်လုပ်ကိုင်ကြရန် ပေါင်မြို့နယ်အုပ်ချုပ်ရေးဌာနကစာဖြန့်ဝေထားကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့မှ ဦးမြင့်အောင်က ပြောဆိုထားသည်။
“အိမ်အသစ်ဝင်ကြေးကိုလည်း (၆)သိန်းခွဲ ကောက်နေတယ်။ ဘာလုပ်ဖို့ထပ်ကောက်တာလဲ။ ဆေး ပေးခန်းမြေနေရာကိုဝယ်ဖို့ မီးကော်မတီက ငွေတွေနဲ့ဝယ်မယ် ဆိုပြီး အခုပြောနေပြန်ပြီ၊ သူတို့ ၃/၄ယောက်နဲ့ပဲ ကော်မတီသဘောဆိုပြီး ပြောဆိုနေတာအသစ်ပြန်ရွေးမယ်ဆိုတော့လည်းမရဘူးလို့သူတို့ကပြောနေတယ်”ဟု လက်ပန်တောရွာသားကိုရွှေဘမှ ပြောသည်။
ပေါင်မြို့နယ် လက်ပံတောကျေးရွာမီးလင်းရေးကော်မတီမှာ ၂၀၁၄ခုနှစ်ကစတင်၍ဖွဲ့စည်းခဲ့ပြီး လျှပ်စစ် မီးသုံးလိုသည့် အိမ်တစ်အိမ်လျှင်ငွေ၅သိန်းခွဲစီကောက်ခံပြီးလုပ်ငန်းစတင်ခဲ့သည်။ ထိုနောက်ပိုင်း၌ အိမ်တစ်အိမ် လျှင် (၇)သိန်းကျပ်အထိတိုးမြှင့်ကောက်ခံခဲ့ကြပြီး ပိုလျှံနေသည့် ငွေများကို အုပ်ချုပ်ရေးမှုးရုံးသို့ လှုဒါန်းခြင်း၊ စာသင်ကျောင်းကိုထောက်ပံခြင်း၊ ရေဘေးအတွက်လှုဒါန်းခြင်း၊ ဘုန်းကြီးကျောင်း၌ လှူသည်ဆိုသည့် ခေါင်းစဉ် များတပ်၍စာရင်းပြထားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မီးလင်းရေးကော်မတီထံမှ သိရသည်။
ဝေဖန်မှုများနှင့်ပတ်သက်ပြီးလက်ပံတောကျေးရွာမီးလင်းရေးကော်မတီအားမေးမြန်းရာ”ကောက်ခံ၍ရထားသောပိုလျံှနေသည့်ငွေများအားရွာသားများထံပြန်ခွဲဝေပေးရန်အစီအစဉ်မရှိကြောင်း၊ဘဏ်စာအုပ်ကိုမြို့နယ်သို့တင်ပြထားခဲ့မှုတော့မရှိကြောင်း၊ ဆေးပေးခန်းနေရာဝယ်မည့်ကိစ္စ မြေနေရာမတွေ့သေး၍ အကောင် အထည်မပေါ်သေးကြောင်း၊ငွေကောက်ခံမှုဆက်လုပ်သွားမည်ဖြစ်ပြီးတစ်အိမ်ကို ၅သိန်းခွဲ ကောက်ခံမည် ဖြစ်ကြောင်းမီးလင်းရေးကော်မတီပြန်ရွေးချယ်ရန် အစီအစဉ်လည်းမရှိပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မီတီ အတွင်းရေးမှုးဦးပုဏ္ဍား က သံလွင်တိုင်းမ်သို့ပြောသည်။
လက်ပံတောကျေးရွာတွင်လျှပ်စစ်မီးသုံးစွဲနေသည့် အိမ်ခြေ(၆၀၀)ခန့်ရှိနေပြီး ကော်မတီ၏ လက်ကျန်ငွေ (၁၅၇)သိန်းကျပ်ရှိနေသေးကြောင်း လက်ပံတောကျေးရွာ မီးလင်းရေးကော်မီတီထံမှထုတ်ပြန်ထားသည်။
သတင်း – ဝရဇိန်(ပေါင်)