မော်လမြိုင်၊ စက်တင်ဘာ ၈

မွန်ဒေသ မြေယာမူဝါဒရေးဆွဲရန်အတွက် ၁၅ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု မွန်ဒေသ မြေယာမူဝါဒရေးဆွဲရေးကော်မတီထံမှ သိရသည်။

မွန်ဒေသ မြေယာမူဝါဒရေးဆွဲကော်မတီတွင် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် ၃ ဦး၊ မွန်လူမှုအဖွဲ့အစည်းမှ ၄ ဦး၊ သံလွင်အရှေ့ခြမ်းမှ ၄ ဦး၊ သံလွင်အနောက်ခြမ်း မွန်ပြည်နယ်မှ ကိုယ်စားလှယ် ၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

“မွန်မှာက မြေယာမူဝါဒနဲ့ ပတ်သက်ပြီး မိရိုးဖလာအရ စီမံခန့်ခွဲလာတာဘဲရှိခဲ့တယ်။ တိကျပြီး စာရွက်ပေါ်မှာ ရေးဆွဲထားတဲ့ မြေယာမူဝါဒဆိုတာ မရှိသေးဘူး။ နောက်တခုကဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့အခါမှာ လည်း မြေယာမူဝါဒက ဒုတိယအရေးကြီးဆုံးမှာ ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ မွန်တွေအနေနဲ့ တိကျတဲ့ ကိုယ့်ရဲ့ မြေယာမူဝါဒ ချပြနိုင်ဖို့အတွက် မြေယာမူဝါဒရေးဆွဲဖို့ဖြစ်လာတာပါ” ဟု မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးတာဝန်ခံ မင်းမင်းနွယ်က ပြောသည်။

မွန်ဒေသ မြေယာမူဝါဒ ရေးဆွဲနိုင်ရန်အတွက် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ပထမဆုံးအကြိမ် မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးတရပ်ကို ရာမညဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ကော်မတီအနေဖြင့် ပညာရှင်များနှင့် ပူးပေါင်းပြီး ဒေသများသို့ ကွင်းဆင်းကာ မြေယာအသုံးချနေမှု ထုံးတမ်း အစဉ်အလာများအရ မြေယာအသုံးချနေမှု အချက်အလက်များ ကောက်ယူပြီး မွန်ဒေသ မြေယာမူဝါဒရေးဆွဲ ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မင်းမင်းနွယ်က ဆက်ပြောသည်။

၎င်းပြင် အလုပ်ရုံဆွေးနွေးပွဲမှ မွန်ဒေသ မြေယာမူဝါဒရေးဆွဲရာတွင် မြေယာအသုံးချ စီမံခန့်ခွဲရာတွင် မိမိတို့ ဒေသလူမျိုး ထုံးတမ်းဓလေ့များကို အခြေခံပြီး ထည့်သွင်းရေးဆွဲရန်၊ တိုင်းရင်းသားဒေသရှိ မြေယာများကို ၎င်းဒေသရှိ ဌာနေတိုင်းရင်းသားတို့ကသာ ပိုင်ဆိုင်ပြီး အသုံးချ စီမံခန့်ခွဲရန်၊ အမျိုးသမီးများလည်း မြေယာ ပိုင်ဆိုင် စီမံခန့်ခွဲခွင့်ရရှိရန်အပါအဝင် အချက် ၁၁ ချက်ကို အခြေခံရေးဆွဲသွားရန် ချမှတ်ထားသည်။
land-law
မွန်ပြည်သစ်ပါတီ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနှင့် မွန်လူမှုအဖွဲ့များ ပူးပေါင်းပြီး ပထမဆုံးအကြိမ် မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပဲခူးနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်တို့မှ မွန်ပြည်သူ စုစုပေါင်း ၁၄၀ ကျော် တက် ရောက်ခဲ့ကြသည်။

အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်း အရုံး(KNU)ကလည်း ကေအဲန်ယူမြေယာလမ်းစဉ်ကို လယ်ယာစိုက်ပျိုးရေးဌာနမှ ကရင်မြေယာမူဝါဒကို ၁၉၇၄တွင် ရေးဆွဲခဲ့သည်။

၎င်းတို့ထိန်းချုပ်နယ်မြေရှိ မြေယာများကို ရေးဆွဲထားသည့် ကရင်မြေယာမူဝါဒအတိုင်း စီမံခန့်ခွဲမည် ဖြစ်ပြီး ကရင်မြေယာမူဝါဒသည် နေရပ် စွန့်ခွာသူများ၏ မြေယာပိုင်ဆိုင်မှု ကိုပါ ထည့်တွက်ထားပြီး ယင်းနေ ရာ၌ စီမံကိန်းတစ်ခုခုရှိပါက လျော်ကြေးပိုင်ဆိုင်ခွင့်ကိုပါ ထည့် တွက်ထားခြင်းဖြစ်သည်။ ထို့အပြင် ဓလေ့ ထုံးတမ်းမြေယာပိုင်ဆိုင် မှုများကို အသိအမှတ်ပြုထားပြီး ပုဂ္ဂလိက ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်ထား သည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.