ရေး ၊ စက်တင်ဘာ ၇

ရေတိုက်စားမှုကြောင့် နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့် ကဗျာဝကျေးရွာအဝင် ကွန်ကရစ်တံတားမှာ ယခုအခါ ပြုပြင်ပြီးစီးနေပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်များဖြင့် ကမ်းခြေအရောက် ပြန်လည်သွားလာနိုင်တော့မည်ဖြစ်သည်ဟု တည်ဆောက်ရေးတာဝန်ခံ ဦးသိန်းဌေးထွေးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ တံတားက အားလုံးပြီးပြီလို့ပြောလို့ရပြီ၊ ဆေးသုတ်တာလေးနဲ့ အချောသတ်လေးပဲကျန်တော့တယ်။ စက်တင်ဘာ ၁၀ ရက်နေ့လောက်ဆို သွားလို့ရပြီ ” ဟု ၎င်းက ဆိုသည်။

ယင်းတံတားမှာ ကဗျာဝကျေးရွာအဝင် အရေးပါသော တံတားတစ်စင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ရေတိုက်စားမှုကြောင့် တိုင်အမှတ် P 5 မှာ နိမ့်ကျမှုဖြစ်ပွားခဲ့၍ မော်တော်ယာဉ်များ သွားလာမှု ရပ်နားခဲ့ရကာ ဒေသခံများ အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။

“ အဓိကကတော့ ရေကြောင်းပြောင်းပြီးတော့ တိုင်ရဲ့အခြေကို ဂလိုင်ထိုးသွားတာ၊ အောက်ပိုင်းမှာ ထိန်း ထားတဲ့ကျောက်တို့ သဘာဝမြေတို့ အားလုံးမရှိတော့ဘူး၊ တော်တော်များများ အောက် ၁၀ ပေခွဲလောက် ဂလိုင်ဖြစ်သွားတော့အောက်ပိုင်းတွေအပျော့တွေဖြစ်သွားလို့ပါ ” တံတားတည်ဆောက်ရေးတာဝန်ခံ ဦးသိန်းဌေးထွေးက ပြောသည်။

အဆိုပါကဗျာဝကွန်ကရစ်တံတားကို ၂၀၁၃-၂၀၁၄ ခုနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တော်ဝင် အောင်ဟိန်းကျော်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ တံတားချဉ်းကပ်အတွက် ကျပ်သိန်း(၈၀၀)နှင့် ၃၇၅ ပေရှည် တံတားအတွက် (၃၇၅)သန်းဖြင့် တည်ဆောက်ခဲ့ပြီး၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော တံတားတစ်စင်းဖြစ်သည်ဟု သိရသည်။

“ ဘိုးပိုင်တိုင်နှစ်လုံးစီ လေးလုံးထပ်ထည့်တယ်။ ၄ လက်မသံပိုက်က တစ်ဖက်ကို ရှစ်ချောင်းလုံးဆိုတော့ အရှေ့ဘက်ရှစ်ချောင်းအနောက်ဘက်ရှစ်ချောင်း အောက်ခြေကုန်အားရော၊ ထမ်းအားရောရအောင်ထပ်ရိုက် တာပေါ့၊ ဂလိုင်ဖြစ်သွားတဲ့နေရာကိုကျတော့ အလျား ၂၂ ၊ အနံ ၁၂၊ အမြင့် ၈ ပေခွဲထု သံချင်းယက်ပြီး ကွန်ကရစ်လောင်းခဲ့တယ်။ နိမ့်သွားတဲ့အပိုင်းကိုယပ်မတွေပြန်ပိုးတယ်၊ တန်ချိန်အိုဗာဝိတ်မဖြစ်အောင် မလိုတဲ့ဆလပ်တွေပြန်ဖြုတ်တယ်။ ဖြုတ်ပြီး အပေါ်ကို ပရီကတ်စနစ်နဲ့ ဆလပ်ပြန်လောင်းတယ်၊ ခွင့်ပြု တန်ချိန်ကတော့ တန် ၃၀ ဖြစ်ပါတယ် ” ဟု ဦးသိန်းဌေးထွေးက ပြန်လည်ပြုပြင်တည်ဆောက်မှုနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်သို့ ရှင်းပြသည်။

ကားဖြင့် ဖြတ်သန်းသွားလာမရသည့်အတွက် ကမ်းခြေသို့ လူအဝင်နည်းကာ ဈေးဆိုင်များအတွက် အခက်အခဲ အများကြီးကြုံတွေ့ခဲ့ရကြောင်း ကဗျာဝကမ်းခြေရှိ လဟိင်သာယာ စားသောက်ဆိုင်မှ ကိုအောင်မိုးက ဆိုသည်။

“ အရင်ကဆို နေ့စဉ် လူတွေ ရာနဲ့ချီပြီးလာတယ်၊ တံတားက ကားနဲ့မသွားရတဲ့အချိန်ကစလို့ မရှိသလောက် ဖြစ်သွားတယ်။ ဆယ်ဂဏန်းလောက်ပဲလာတော့တယ်။ အခါကြီးရက်ကြီးတွေဆို လူတွေထောင်နဲ့ချီပြီးလာလေ့ ရှိတဲ့ကမ်းခြေက တစ်ရာလောက်ပဲလာတော့တယ်။ ဆိုင်တွေအနေနဲ့ အခက်အခဲအများကြီးဖြစ်ခဲ့တယ် ” ဟု ၎င်းက ပြောသည်။
kabyawa-beach-bridge
ကဗျာဝကမ်းခြေသည် ရေးမြို့မှ ၁၈ မိုင်ခွဲခန့်အကွာတွင်တည်ရှိပြီး ကားဖြင့် ရေးမြို့မှ အဆိုပါကမ်းခြေအထိ ၄၅ မိနစ်ခန့်အချိန်အတွင်း သွားရောက်လည်ပတ်နိုင်သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.