မော်လမြိုင်၊ ဇူလိုင် ၁၂
၂၁ပင်လုံညီလာခံတွင် မွန်ကိုယ်စားပြုကိုယ်စားလှယ်များအသံတသံတည်းထွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ကွန်ဖရင့်တရပ်ကျင်းပမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံမှသိရသည်။
ကွန်ဖရင့်ကို ၂၁ပင်လုံမတိုင်ခင် ခန့်မှန်းသြဂုတ်လပထမအပတ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာ တွင် ကွန့်ဖရင့်မှတဆင့် ၂၁ပင်လုံညီလာခံသို့သွားရောက်နိုင်ရန် အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး မွန်နိုင်ငံ ရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မွန်သံဃာတော်များ ပါဝင်သွားမည်ဟု ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ က ပြောသည်။
“အခုအစိုးရဖိတ်ခေါ်နေတဲ့ ပြည်ထောင်စုညီလာခံလို့ခေါ်တဲ့ ၂၁ပင်လုံညီလာခံနဲ့ဆက်စပ်ပြီးတော့ ကျနော်တို့ မွန်အမျိုးသားထဲမှာ ပြင်ဆင်နေတာကို အားလုံးပါဝင်တဲ့အစည်းအဝေးပွဲကြီးတခုကို လုပ်ဖို့စီစဉ်နေတယ်” ဟု ၎င်းကပြောသည်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှဦးဆောင်ပြီး ၂၁ပင်လုံညီလာခံကို တက်ရောက်ဆွေးနွေး နိုင်ရန် ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်လေးဝါးတွင် လည်း ကရင်ပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အသံကို(KNU)မှစုစည်းနေသည်ဟုလည်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီပါတီဒုဥက္ကဌ မန်းအောင်ပြည်စိုးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မွန်နိုင်ငံရေးပါတီ(၂)ခုဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို အမျိုးသားစည်းလုံးညီညွတ်ရေး၊ လာမည့်နိုင်ငံရေးအခင်းအကျင်းအသစ်မှာ မွန်အမျိုးသား တရပ်လုံးအနေဖြင့် အသံတသံထွက်နိုင်ရန်နှင့် မကြာခင်မှာဖြတ်သန်းရမည့် အခြေအနေတခုဖြစ်သည့် ၂၁ရာစု ပင်လုံညီလာခံအကြောင်းပါသည့် ဆွေးနွေးချက်များကို မွန်ပြည်သစ်ပါတီမှ သွားရောက်ညှိနှိုင်းခဲ့သည်။
သြဂုတ်လနောက်ဆုံးအပတ်တွင်ကျင်းပမည့်၂၁ ရာစု ပင်လုံ ညီလာခံတွင် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ ၂ ရပ်ကို အဓိကထားဆွေးနွေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ထို့ ၂၁ပင်လုံညီလာခံတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့(၈)ဖွဲ့၊လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် နိုင်ငံရေးပါတီများကိုယ်စားပြု တက်ရောက်ဆွေးနွေးနိုင်မည်ဖြစ်သည်။
မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့သည်။
ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေးသဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဦးသိန်းစိန်ဦးဆောင် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီထားခဲ့ကြသည်။
မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
သတင်း – ချမ်းစွန်း