ပေါင်၊ ဇူလိုင် ၁၂

မိုးရာသီတွင် လာရောက်အပန်းဖြေသူများပြားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ် ဖြစ်ပွားနေခြင်းအား အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများထားရှိခြင်းအား ပြည်နယ်စည်ပင်ကော် မတီ၏ ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီထံမှသိရသည်။

zin-kyaik-poung

ရေဆော့ကစားအပန်းဖြေသူများအတွက် အရေးပေါ်ကူညီနိုင်ရန် ကယ်ဆယ်ရေးပစ္စည်းဝယ်ယူခြင်း အတွက် လေလံမှရရှိငွေများရှိနေသော်လည်း ပြည်နယ်စည်ပင်၏ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ရေတံခွန်ထိန်းသိမ်းရေးကော်မတီအတွင်းရေးမှူးက ယခုလိုပြောသည်။

“လေလံပစ်လို့ရထားတဲ့ငွေတွေရှိပါတယ်။ ဒါပေမဲ့ ဒီငွေတွေကို ထုတ်ယူသုံးစွဲဖိုကျတော့ လုပ်ထုံးလုပ်နည်း အရ မြို့နယ်ကော်မတီက အစည်းအဝေးထိုင်ပြီးရင် ပြည်စည်ပင်ကော်မတီဆီကိုဆက်တင်ပြရပါတယ်။ သူတို့ကနေ ခွင့်ပြုချက်ပေးမှပဲ ငွေထုတ်ယူဝယ်လို့ရမှာပါ”ဟု မြို့နယ်ရေတခွန်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှုး ဦးထွန်းထွန်းဦးက ပြောသည်။

ယခင်နှစ်က လူ(၇)ဦးရေနစ်သေဆုံးခဲ့ပြီး ယခုလအတွင်း၌ အမျိုးသမီးတစ်ဦး ကျောက်ကြားထဲသို့ခြေတောက်ညှပ်မိနေခြင်းကို ဒေသခံများက မြို့နယ်မီးသတ်နှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ရကာ ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော ကြိုး၊ သက်ကယ်အကျီႋ၊ လူနာထမ်းစင်နှင့် ခါးပတ်ချိတ်စသော ကယ်ဆယ်ရေးပစ္စည်းများ အသင့်မရှိခြင်းအတွက် အန္တရာယ်များကြုံတွေ့ရကြောင်း ကူညီပေးသူ ဦးမိုးသက် အောင်ကပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများဝယ်ယူခွင့်ရပါက ဝယ်ယူရန်ပစ္စည်းရောင်းချသည့်ကုမ္ပဏီနှင့်ချိတ်ဆက်ဝယ်ယူပေးနိုင်သည့်အပြင် ပစ္စည်းသုံးစွဲတတ်အောင်လည်းလေ့ကျင့်သင်ကြားပေးနိုင်သည်ဟု မြို့နယ်မီးသတ်ဦးစီးမှုးဦးစိုးကျော်သူက “ကျွန်တော်တို့ကိုအကြောင်းကြားရင် ၅မိနစ်လောက်အတွင်းရောက်အောင်သွားပါ တယ်။ ပစ္စည်းတွေကိုယ်ပိုင်ထားရှိချင်တယ်ဆိုရင်လည်း ပိုပြီးအဆင်ပြေပါတယ်။ ဒါပေမဲ့သုံးစွဲတတ်အောင်တော့ကျွန်တော်တို့ကသင်တန်းတွေပေးပြီးကူညီပေးမယ်။ ပစ္စည်းဝယ်လို့ရမယ့်နေရာကုမ္ပဏီနဲ့လည်းချိတ်ဆက်ကူညီပေးပါ့မယ်”ဟုပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူထားခြင်းကြောင့်ရေတံခွန်တွင် ဘေးအန္တရာယ်ဖြစ်ပွားပါကအချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်နိုင်မည်ဖြစ်ပြီး ရေဘေးကိစ္စ ဖြစ်ပွားရာနေရာများတွင်လည်းငှါးရမ်းကူညီပေးနိုင်သည်ဟု ဇင်းကျိုက်မြို့ခလောက်အင်းရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးညွန့်သိန်းက ပြောသည်။

သတင်း – ဝရဇိန်(ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.