ရေး ၊ ဇူလိုင် ၁၂
နှစ်ပေါင်း ၂၀ ကျော် ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ ဦးမြဝင်းအနေဖြင့် ယခုလမှစတင်ကာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်မှ အနားယူတော့မည်ဖြစ်သည်ဟု သိရသည်။
“ အဓိကကတော့ ကျန်းမာရေးမကောင်းလို့ပါပဲ၊ နှလုံးသွေးကြောပိတ်ရောဂါပါ၊ ဒီရောဂါခံစားနေရတာက ၄ နှစ်လောက်ရှိပါပြီ ” ဟု ရေးမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြဝင်းက ပြောသည်။
ဦးမြဝင်းအနေဖြင့် NLD ဗဟိုစဖွဲ့ပြီးနောက်ပိုင်းမော်လမြိုင်မြို့ထားဝယ်စုရပ်တွင် ပြည်နယ်ရုံးစဖွင့်စဉ်ကတည်းက နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့ကြောင်း၊ မြို့နယ်ပါတီကိုယ်စားလှယ်အနေဖြင့် ပြည်နယ်တွင် တာဝန် ယူခဲ့ပြီး ပြည်နယ်စည်းရုံးရေးကော်မတီဝင်ဖြစ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရေးမြို့နယ်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်စတင်ဖွဲ့စည်းခဲ့စဉ် ဒေါက်တာကြင်သိန်းက မြို့နယ်ဥက္ကဋ္ဌအဖြစ် ၁၉၉၂ အထိ တာဝန်ယူခဲ့ပြီး ယင်းနောက် ဦးထွန်းသိန်းက ယာယီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ကာ ၁၉၉၂ မှစတင်ကာ ဦးမြဝင်းအနေဖြင့် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် လက်ရှိအနားမယူခင်အချိန်ထိ တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ရေးမြို့နယ်ရှိ ၃၄၃ တပ်ရင်းတွင် ၅၂ ရက် ခေတ္တအထိန်းသိမ်းခံခဲ့ရသူတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
“ မူဝါဒလဲကောင်းရမယ်၊ ခေါင်းဆောင်မှုလဲကောင်းရမယ်၊ ဖွဲ့စည်းပုံကလည်း အခိုင်အမာရှိရမယ်။ ဒီသုံးချက် ညီအောင် တတ်နိုင်သမျှလိုက်ပြီးဆောင်ရွက်ခဲ့တယ်၊ ရေးမြို့နယ်မှာ ပါတီဝင်တွေက ၄၀၀၀ လောက်ရှိတယ်၊ တကယ်ရွေးကောက်ပွဲ လုပ်လာတဲ့အခါကျတော့ အောက်ခြေမှာ ပါတီအဖွဲ့အစည်းရှိမှုက အများကြီးစကားပြော ပါတယ်။ ကိုယ့်အဖွဲ့အစည်းအခြေခံရှိမှ လုပ်ရကိုင်ရတာအဆင်ပြေတယ်၊ အဆင်သင့်ဖြစ်တယ်၊ ရွေးကောက်ပွဲ ပြီးတော့လည်း လုပ်ငန်းတွေလုပ်တဲ့ အခါကျတော့ လုပ်ငန်းတွေလုပ်တဲ့အခါ လွယ်ကူတယ်၊ အားသာချက်၊ အားနည်ချက်တွေကို အတတ်နိုင်ဆုံး ညီညွတ်မှုရအောင် ထိန်းကျောင်းခဲ့တယ် ” ဟု ဦးမြဝင်းက ပြောသည်။
တာဝန်မှအနားယူခဲ့သော်လည်းပဲ ကျန်းမာရေးအခြေအနေရ တတ်နိုင်သမျှ အကြံပြုပေးမှာဖြစ်ကြောင်း၊ ရှေ့ဆက်ဆောင်ရွက် မည့်သူများအနေဖြင့်လည်း ညီညွတ်ရေးကို အဓိကထားပြီး လုပ်ဆောင်သွားစေလိုပါ ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ သူက နိုင်ငံရေးလောကထဲမရောက်ခင်ကတည်းက လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွရှိတယ်၊ ဘယ်အလုပ်ကိုမဆို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်တတ်တဲ့အကျင့်လဲရှိတဲ့သူဖြစ်သလို အနု ပညာကိုလဲ ဝါသနာပါတဲ့သူတစ်ဦးပါ ” ဟု ရေးမြို့ရန်ကြိးအောင်ရပ်ကွက်နေ နိုင်ငံရေးသမားဟောင်းတစ်ဦး ဖြစ်သူ ဦးချစ်စံက ပြောသည်။
လစ်လပ်သွားသည့် ဥက္ကဋ္ဌနေရာနှင့် အခြားလစ်လပ်လျက်ရှိသည့် အမှုဆောင်နေရာများအတွက် ယခုလတွင်ပင် ရွေးချယ်သွားရန်ရှိကြောင်းလည်း ရေးမြို့နယ် NLD တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရှိရသည်။
သတင်း – ရဲနိုင်ဦး