ပေါင်၊ ဇူလိုင် ၁၁

ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှ ပြည်တော်သာချောင်းကို ယခင်အုပ်ချုပ်ရေးမှုးလက်ထက်က စတင်၍ လူနေအိမ်ကွက်များအဖြစ် ချောင်းကို မြေဖို့၍ ရောင်းစားထားခြင်းကိစ္စအား အစိုးရသစ်တက်လာပြီးနောက်ပိုင်းတိုင်ကြားမှုများရှိခဲ့ခြင်းအပေါ် ဇူလိုင်လ(၁၁) ရက်နေ့က စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးမှုးကဖွဲ့စည်းပေးတဲ့အဖွဲ့နဲ့လာစစ်တာပါ၊ ကျွန်တော်တို့ရဲ့တာဝန်ကတော့ ချောင်းကောမြေရောင်းစားခြင်းအား ဥပဒေနဲ့အညီဆောင်ရွက်ပါရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြရန်ဆိုတဲ့ညွှန်ကြားချက်အတိုင်းဆောင်ရွက်ဖို့ပါ”ဟု ဇူလိုင်(၁၁)ရက်နေ့က ထန်းပင်ချောင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင် အဆိုပါကိစ္စအား လာရောက်စစ်ဆေးနေသည့်အဖွဲ့မှခေါင်းဆောင်ဦးဌေးဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

ပြည်တော်သာချောင်းကို မြေဖို့ပြီးလူနေအိမ်ကွက်များအဖြစ်တစ်ကွက်လျှင်ငွေကျပ် သိန်း၃၀မှ နေရာအပေါ် မူတည်ပြီးသိန်း ၉၀ကျပ် အထိဖြင့်ရောင်းစားထားခြင်းဖြစ်သည့်အပြင် ဦးချစ်ဖေနှင့် ဦးအကြင် ဆိုသူတို့က လည်း မိမိအစီအစဉ်ဖြင့်ချောင်းမြေကို အကွက်ရိုက်ကာအိမ်ယာကွက်များရောင်းစားထားသည်ဟု ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

“အကြင် ရောင်းထားတဲ့မြေကွက်တွေကို အလဟသ ဖြစ်နေမဲ့အတူတူ တစ်ကွက်ကို(၅)သိန်းကျပ်စီကောက်ခံပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုထားပါတယ်”ဟု ကျေးရွာလယ်/စီအဖွဲ့မှ ဦးအောင်လွင်ကရှင်းပြခဲ့သည်။

ချောင်းမြေ ကို အိမ်ကွက်ပြုလုပ်ရောင်းစားရရှိငွေများကို မီးသတ်ကားဝယ်ခြင်း၊ ချောင်းသစ်တူးဖေါ်ခြင်း များတွင် အသုံးပြုထားကြောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဘက်မှပြန်လည်ဖြေရှင်းခဲ့ကြောင်းသိရပြီး မွန်ပြည်နယ်ဆည်မြောင်းဦးစီးဌာနက ချောင်းသစ် တူးဖေါ်ခြင်းအတွက် ပေပေါင်း (၁၉၅၀၀) အထိတူးဖော်ပေးထားပြီးဖြစ်ကြောင်းပေါင်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်ကြူကြူခိုင် ကိုမေးမြန်းခဲ့စဉ်၎င်းကပြောဆိုသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာနတို့မှ ဦးစီးအရာရှိများပါဝင်သောစစ်ဆေးရေးအဖွဲ့က ထန်းပင်ချောင်ကြီးကျေးရွာ ချောင်းမြေရောင်း စားခြင်းကိစ္စကို ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်ပြီးစစ်ဆေးတွေ့ရှိချက်များကို မြို့နယ်အုပ်ချုပ်ရေးမှုးကတဆင့် ပြည်နယ်အစိုးရထံပြန်လည်တင်ပြရမည်ဟုသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.