ပေါင်၊ ဇူလိုင် ၁၂

ယခင်အစိုးရလက်ထက်က အာဇာနည်နေ့အခမ်းအနားများကို မြို့နယ်ခန်းမတစ်ခုတွင်သာ ပြုလုပ်ခဲ့ကြသော်လည်း ယခုနှစ်အာဇာနည်နေ့ကို မြို့နယ်အဆင့်ဖြင့် ပြုလုပ်ကြရန် ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်းနှင့် အာဇာနည်ကျောက်တိုင်ရှေ့တွင်စည်ကားစွာကျင်းပပြုလုပ်နိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် စည်းဝေးတိုင်ပင်ညှိနှိုင်းမှုပြုလုပ်ထားကြောင်း ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

poung-hero-day

ဇူလိုင် (၁၂)ရက်နေ့မနက်ပိုင်းက ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သောမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများအား မြို့နယ်အုပ်ချုပ်ရေးမှုးဦးမောင်မောင်နိုင်က “ဒီနှစ်မှာအရင်ကနဲ့မတူပဲ အာဇာနည်နေ့အခမ်းအနားတွေကို မြို့နယ်အဆင့်နဲ့ စုပေါင်းပြီးစည်ကားအောင်လုပ်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။ ဆွမ်းကပ်မယ့်အစီအစဉ် အလေးပြုမဲ့အစီအစဉ်တွေ ပန်းခွေချမဲ့အစီအစဉ်တွေကို ကဏ္ဍ အလိုက်ဌာနတွေက တာဝန်ယူလုပ်ကိုင်ပေးစေချင်တယ်”ဟုပြောဆိုခဲ့သည်။

ပေါင်မြို့နယ်တွင် အာဇာနည်နေ့မနက်၌ အာရုံဆွမ်းကပ်ခြင်းပြုလုပ်ပြီး မနက်(၇)နာရီတွင်အာဇာနည်ကျောက်တိုင်ရှေ့၌ ဌာနဆိုင်ရာ၊ လူမှုအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ ပြည်သူများစုပေါင်းကာပန်းခွေများချ၍ အလေးပြုအခမ်းအနားပြုလုပ်ရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး စည်ပင်သာယာရေးဌာနမှလည်းပေါင်မြို့ဘောလုံးကွင်းအဟောင်းနေရာရှိ အာဇာနည်ကျောက်တိုင်ကို သန့်ရှင်းအောင်နှင့် လှပအောင် ဇူလိုင်(၁၁)ရက်နေ့ကစတင်လုပ်ကိုင်နေကြကြောင်းတွေ့ရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.