မုဒုံ၊ ဇူလိုင် ၉

မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ၊ ကွက်သစ်ပိုင်းရှိ အောင်မေတ္တာဓမ္မရိပ်သာကျောင်း ဓမ္မာရုံတွင် မွန်လူမျိုး တို့ဗုဒ္ဓဘုရားရှင်အား အဦးဆုံးဖွင့်တွေ့ခွင့်ရသည့်နေ့ အထိမ်းအမှတ် ဆဌမအကြိမ်မြောက်အခမ်းအနားအား ဇူလိုင်လ(၉)ရက်၊ နံနက်(၉း၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

first-seen-buddha-day-mu-don

“မွန်လူမျိုးထုတစ်ရပ်လုံးနဲ့ နောင်ခါနောင်သားများ ရာဇဝင်တစ်ခုကိုပြန်သတိရအောင်၊ ပျောက်ပျက်မသွားအောင်ယခုလိုအထိမ်းအမှတ်ပွဲများပြုလုပ်ပြီး သမိုင်းကိုသိရှိစေလိုတဲ့ရည်ရွယ်ချက်ဖြင့်ပြုလုပ်ရခြင်းဖြစ်တယ်”ဟုယင်းအခမ်းအနားတွင်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌနိင်ထွန်းမြင့်ကထည့်သွင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားအား မွန်ပြည်နယ်အတွင်းရှိ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ်အတွင်း ရှိ ကော့ကရိတ်မြို့နယ်၊ ဘားအံမြို့နယ်တို့ရှိ မွန်လူငယ်အဖွဲ့များနှင့် MYEO၊ MYPOအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်းလည်းသိရသည်။

မုဒုံမြို့၊မြို့မ(၃)ရပ်ကွက်၊ အာသောကာရာမကျောင်းတိုက်ရှိဆရာတော်က”မွန်လူမျိုးတို့သည်ဗုဒ္ဓဘုရား ရှင်အား ပထမဦးဆုံးဖူးတွေ့ရခြင်း၊ ဆွမ်းကပ်လှူခွင့်ရရှိခြင်း၊ သရဏာဂုံနှစ်ပါးဆောက်တည်ခွင့်ရရှိခြင်း၊ ဆံတော်ဓာတ်မြတ်များအဦးဆုံးရရှိခဲ့သည့်အပြင် ကမ္ဘာပေါ်မှာတုနှိုင်းမရသည့်တစ်ဆူတည်သာရှိသည့်ရွှေတိဂုံစေတီတော်မြတ်ကြီးကိုပါမွန်လူမျိုးတို့အဦးဆုံးတည်ထားကိုးကွယ်ခွင့်ပြုနိင်ခဲ့ခြင်းလည်းဖြစ်တယ်၊ ဒီအတွက်ကြောင့်ဒီနေ့သည်ထူးမြတ်လှသည့်နေ့ထူး၊နေ့မြတ်ဖြစ်လို့နောင်နှစ်အစဉ်အဆက်ဒီနေ့ရောက်တိုင်းကျင်းပကာမပျောက်ပျက်အောင်လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန်တိုက်တွန်းကြောင်း”လည်းဟောကြားခဲ့သည်။

“တစ်ချို့က ဆိုရင်ဒီနေ့ကိုမွန်လူမျိုးတွေဘုရားရှင်ကိုအဦးဆုံးဖူးတွေ့ခွင့်ရတာကို လက်မခံချင်ကြဘူး၊ မွန်လူမျိုးတို့က လက်ခံကြတယ်၊ ဒီအကြောင်းကို တစ်ခြားတိုင်းရင်းသားတွေကလက်မခံကြဘူး၊သမိုင်းကိုသိတဲ့ သူတွေက တစ်နိင်ငံလုံးလက်ခံလာအောင်ပြောပေးဖို့လိုတယ်။ သမိုင်း၊ရာဇဝင်မပျောက်အောင်အခမ်းအနား ကျင်းပနေကြတဲ့အတွက်လည်းဝမ်းသာဂုဏ်ယူမိပါတယ်”ဟု မိလျးဆာန်(မိလယိဆာန်)ကသံလွင်တိုင်းမ်ကိုပြောသည်။

ယင်းအခမ်းအနားတွင် မွန်အမျိုးသားအလံကိုအလေးပြုခြင်း၊ ကျဆုံးခဲ့ပြီးသောမွန်ခေါင်းဆောင်များအား ဦးညွတ်အလေးပြုခြင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရည်မှန်းကာဆွမ်းကပ်ခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်းများလည်းပြုလုပ်ကြကြောင်းသိရသည်။

မွန်လူမျိုးတို့ဘုရားရှင်အားအဦးဆုံးဖူးတွေ့ခွင့်ရသည့် ဝါဆိုလဆန်း(၅)ရက်နေ့အား ပထမအကြိမ်နှင့် ဒုတိယအကြိမ်အခမ်းအနားအား ကျိုက်မရောမြို့နယ်၊ ခရုံဂူတွင်လည်းကောင်း၊ တတိယအကြိမ်အားကော့ ကရိတ်မြို့နယ်၊ ပေါ့ကျူကုန်းဘုန်ကြီးကျောင်းတွင်လည်းကောင်း၊ စတုတ္ထအကြိမ်အားဘားအံမြို့နယ်၊ဇာသပြင်ကျေးရွာ၊ဝင်းကြမ်းဘုန်းကြီးကျောင်း၌လည်းကောင်း၊ ပဉ္စမအကြိမ်အားကျိုက်မရောမြို့နယ်၊ကော့သပ်ဘုန်းကြီးကျောင်း၌လည်းကောင်းပြုလုပ်ကျင်းပခဲ့ကြောင်းလည်းသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.