ကျိုက်မရော၊ ဇူလိုင် ၁၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မယ်ကရိုနှင့် ကော့ဒွန်း-ကော့ပနော့ကျေးရွာအနီးတွင် June ကုမ္ပဏီမှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံဆောက်လုပ်ရန် တန်ဖိုးနည်းနစ်နားကြေးဖြင့် ဝယ်ယူထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် မူလပိုင်ရှင်များက ပြန်လည်တောင်းဆိုခဲ့သည်။

ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်းနှင့် စက်ရုံဆောက်လုပ်ရန်သိမ်းယူထားသည့် လယ်မြေများပြန်လည် ရရှိရန် ဒေသခံတောင်သူ ၁၈၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု အစိုးရထံ ဇူလိုင် ၁၁ရက်တွင် တင်ပြခဲ့သည်။

“သမ္မတဦးသိန်းစိန်လက်ထက်မှာ အသနားခံစာ ၆ကြိမ်တင်ခဲ့ဖူးတယ်၊ စက်ရုံကိုကန့်ကွက်တာလည်းပါတယ် အစိုးရသစ်လက်ထက်မှာ စာတင်တာ ဒါပထမဆုံးအကြိမ်ပါပဲ”ဟုမယ်ကရိုကျေးရွာမှ ဦးထိန်ဝင်းကပြောသည်။

၂၀၁၀ခုနှစ်တွင် ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း၊ ပျားတောင်ပတ်ဝန်းကျင်ရှိ လယ်မြေများကို ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် မဖြစ် မနေပေးအပ်ရမည်ဖြစ်ကြောင်းပြောဆိုခဲ့သည့် အတွက် လယ်သမားများအနေဖြင့် မိမိတို့လယ်မြေ အလကား ဆုံးရှုံးမည့်အစားကုမ္ပဏီမှ ပေးသောနစ်နာကြေး အနည်းငယ်မျှကို လက်ခံပြီး ပြေစာများကိုကုမ္ပဏီမှ သိမ်းယူခဲ့ သည်ဟု ထုတ်ပြန်ချက်တွင်တွေ့ရသည်။

မော်လမြိုင်မြို့ ဓမ္မလောကကျောင်းတိုက်တွင် ဒေသခံတောင်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၊ပြည်ထောင်စုအစိုးရအပါအဝင် အစိုးရဌာနဆိုင်ရာ ၂၀ဌာနကို တိုင်ကြားစာများ၊ ပူးတွဲစာများ၊ဒေသခံလက်မှတ်များကို ပေးပို့ခဲ့သည်။

June ကုမ္ပဏီမှ သိမ်းယူထားသည့် လယ်မြေဧက ၁၄၀၀ ကျော်ရှိပြီး မယ်ကရိုကျေးရွာက လယ်မြေဧက ၇၀၀ ကျော်ပါဝင်သည်ဟု ဦးထိန်ဝင်းကပြောသည်။

၂၀၁၀ခုတွင် လယ်မြေကာလပေါက်ဈေး ၁၀သိန်းကျော်ခန့်ရှိနိုင်ကြောင်းနှင့် ကုမ္ပဏီမှလယ်မြေများကို အဆင့် (၄)ဆင့်သတ်မှတ်ပြီး အမြင့်ဆုံးအဆင့် ၃သိန်း၊အနိမ့်ဆုံးဆင့် ၅သောင်းဖြင့်ဝယ်ယူခဲ့ပြီး ၎င်းအနေဖြင့် ကျပ် ၅သောင်းအဆင့်ဖြင့် ၉ဧကကျော်ရောင်းခဲ့ရသည်ဟု ဦးထိန်ဝင်းက ဆက်ပြောသည်။

ဝယ်ယူထားသည့်မြေနေရာတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းမရှိသေးဘဲ အလုပ်သမားတန်းလျားများ ချထားလျှက်ရှိကြောင်းတွေ့ရပြီး ကျိုက်မရောမြို့နယ်အတွင်း အလားတူဒေသခံများကန့်ကွက်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ(MCL)လည်းရှိသည်။

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.