သထုံ၊ ဇွန် ၂၈
မြဝတီမြို့မှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက် အိတ်ပေါင်း(၁၄၈၀)အိတ်တင်ဆောင်လာသော ကားကို ဒုံသမိတံတားအနီးတွင် ဇွန်လ(၂၈)ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှရဲအုပ်အောင်သူ၊ ရဲအုပ်စောဝဏ္ဏဦး၊ ဒုရဲအုပ်ဆန်းထွန်းတို့သည် ဒုံသမိတံတားထိပ်၌ သုဓမ္မဝတီရဲစခန်းမှ တပ်ဖွဲ့ဂင်များပူးပေါင်းအဖွဲ့များနှင့် ကွမ်းသီးခြောက်အိတ်များတင်လာသော (၂၂)ဘီး နောက်တွဲကုန်တင်ယာဉ် (၄)စီးကို ရပ်တန့်စစ်ဆေးခဲ့ကြစဉ် ကွမ်းသီးအိတ် (၁)အိတ်လျှင်ပိသာ (၅၀)စီပါသည့် အိတ်ပေါင်း(၁၄၈၀)အိတ်ကို ရှာဖွေတွေ့ရပြီးမေးမြန်းချက်အရ ထိုင်းနိုင်ငံမှတရားမဝင်သယ်ဆောင်လာကြောင်းသိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်၊
အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်၍သုဓမ္မဝတီရဲစခန်းမှုးရဲအုပ်ဝင်းမင်းသန့်ကို မေးမြန်းခဲ့ရာ “ကွမ်းသီး အခြောက်တွေပါ၊ ရန်ကုန်ကိုသယ်သွားဖို့လို့ သူတို့ကအစစ်ခံကြတယ် ထိုင်းနိုင်ငံကနေပြီး မြဝတီကတဆင့်သယ်လာတာလို့သိရတယ်။ ဘာလုပ်ဖို့လဲဆိုတာမေးကြည့်တော့အဝတ်ဆိုးဆေးလုပ်တဲ့နေရာမှာသုံးတယ်လို့သူတို့ကပြောတယ် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် (၈)ယောက်ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈/၁၀အရအမှုဖွင့်ဖမ်း ဆီးအရေးယူထားပါတယ်”ဟုပြောသည်။
အမှုနှင့် ပတ်သက်ပြီး 9D/6188 (၂၂) ဘီးကားနောက်တွဲယာဉ်မောင်းသူ စောအောင်နှင့် ယာဉ်နောက်လိုက် ထွန်းထွန်းဦး တို့ကို သုဓမ္မဝတီရဲစခန်း (ပ)၆၃/၂၀၁၆ပို့/သွင်းဥပဒေပုဒ်မ ၈/၁၀ အရ လည်းကောင်း၊ 6C/1829 ၂၂ဘီးကား နောက်တွဲယာဉ်မောင်းဖြိုးသီဟနှင့် ယာဉ်နောက်လိုက်ရှိန်းထက်အောင်တို့ကို (ပ) ၆၄/ ၂၀၁၆အဆိုပါဥပဒေပုဒ်မအရလည်းကောင်း၊ 3G/6005၂၂ဘီးကားနောက်တွဲယာဉ်မောင်းမိုးကျော်နှင့် ယာဉ်နောက်လိုက်ဟန်မင်းစိုးတို့ကို (ပ)၆၅/၂၀၁၆၊ဖြင့်အဆိုပါပုဒ်မများအရလည်းကောင်း၊ ၆ဂ/၈၀၈၉ ၂၂ဘီးကား နောက်တွဲယာဉ်မောင်းအောင်မိုးကျော်နှင့် နောက်လိုက် မောင်မောင်လွင်တို့ကို (ပ)၆၅/၂၀၁၆အဆိုပါဥပဒေပုဒ်မများအရလည်းကောင်းအသီးသီးအမှုဖွင့်အရေးယူထားကြောင်းရဲမှတ်တမ်းများအရသိရသည်။
သတင်း – ဝရဇိန် (ပေါင်)