ပုံ-ရဲနိုင်ဦး

ရေး၊ ဇွန် ၂၅

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အလင်းဝင်လက်နက်အပ်ခဲ့ကြောင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

ပုံ-ရဲနိုင်ဦး
ပုံ-ရဲနိုင်ဦး

အဆိုပါလက်နက်အပ်ပွဲနှင့် ပြည်သူလူထုအားတောင်းပန်ပွဲကို ဇွန်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ရေးမြို့ရှိ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇွန်လ၂၃ ရက်နေ့တွင် ရေးတောင်ပိုင်းနှင့် ကမ်းရိုတမ်းစစ်ဌာနချုပ်နယ်မြေတွင် လှုပ်ရှားနေသည့် နိုင်လွေး (ခ)နိုင်လှသောင်းဦးစီးသည့် မွန်သီးခြားလက်နက်ကိုင်မှ အင်အား(၂၀)ဦးသည် တပ်မတော်ထံ လက်နက်အပြီး ပိုင်အပ်နှံကာ အလင်းဝင်ရောက်လိုသည့်အတွက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးခိုင်စိုး လင်း ဦးစီးတပ်ခွဲဖြင့် တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကျိုက်မင်းမလွတ်တောင်ခြေရှိ ၎င်းလက်နက်ကိုင် အဖွဲ့အား သွားရောက်ခေါ်ဆောင်ခဲ့ပြီး အမှတ်(၁၉) သို့ရောက်ရှိကာ လက်နက်ချအလင်းဝင်ခဲ့သည်။

“မွန်ပြည်နယ်ရေးမြို့နယ် စကခ(၁၉)မှာ အလင်းဝင်နေတယ် လူ(၂၀)နဲ့ လက်နက်ပါတယ်”ဟု ၎င်းကဆက်ပြော သည်။

အဆိုပါအဖွဲ့အင်အား(၂၀)ဦးထဲတွင် နိုင်လွေး(ခ) နိုင်လှသောင်း၊ နိုင်အဆောင်း၊ နိုင်အလွန်၊ နိုင်စိုး၊ နိုင်ဇော်မင်းတို့ဦးဆောင်ပါဝင်ကြပြီး ၎င်းတို့နှင့်အတူ M-16 အတို(၁)လက်နှင့်အရှည် (၂)လက်၊AK-47 အရှည်(၁)လက်နှင့် ခေါက်ဒင်(၂)လက်၊ ကာဘိုင်(၁)လက်၊ပစ္စတို(၂)လက်၊ တလုံးထိုးပစ္စတို(၁) စုစုပေါင်း လက်နက်ငယ်(၁၀)လက်၊ လက်နယ်ငယ်ကျည်မျိုးစုံ (၂၄၃)တောင့်၊ ကျည်ကဒ်(၁၂)ခု၊ လက်ပစ်ဗုံး(၅)လုံး၊ လက်လုပ်မိုင်း(၃)လုံး၊ လမ်းလျှောက်စကားပြောစက်(၂)လုံးအပ်နှံခဲ့သည်။

ထို့အပြင် တနသာၤရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ အနောက်ဘက်တောင်ကြောတဝိုက် တွင် မိုင်းထောင်ထားသဖြင့် မိုင်းများကို ရှင်းလင်းပေးစေလိုကြောင်း၊ ၎င်းတို့အဖွဲ့အား နိုင်ငံတော်သို့လက်နက် အပြီးပိုင်အပ်နှံမှုနှင့် ပြည်သူလူထုအား ဝန်ချတောင်းပန်သည့် အခမ်းအနားပြုလုပ်ပေးစေလိုကြောင်း၊ နိုင်ငံတော်၊ တပ်မတော်နှင့် လက်တွဲပြီးအေးချမ်းစွာနေထိုင်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးအတွက်လည်း တပ်မတော်မှကာကွယ်စောင့်ရှောက်ပေးစေလိုကြောင်း စသည်ဖြင့် အဆိုပါအဖွဲ့မှတင်ပြခဲ့ပြီး ရေးမြို့အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် တည်းခိုနေထိုင်လျှက်ရှိကြောင်းသိရသည်။

တနသာၤရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် ယခုလက်နက်အပ်ရာတွင် ပါဝင်သည့် အလွန်၊အဆောင်းဦးစီးသည့် လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆက်ကြေးငွေများ အတင်းအဓမ္မတောင်းခံခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံ၏ပြောကြားချက်များကို မွန်သတင်းအေဂျင်စီက ဖေဖေါ်ဝါရီ ၁၉ ရက်တွင်ဖော်ပြ ထားခဲ့သည်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် နယ်မြေဆက်စပ်လျှက်ရှိသည့် ရေဖြူမြို့နယ်တို့တွင် မွန်လူမျိုးအများစု နေထိုင်သည့် ကျေးရွာများအနီးတဝိုက်တွင် ၂၀၀၀ခုနှစ်နောက်ပိုင်းမှစတင်၍ မွန်ခွဲထွက်အမည်ခံ ပြန်ပေး-ဓါးပြအဖွဲ့များ ပေါ်ပေါက်ခဲ့ပြီး ဆက်ကြေးငွေတောင်းခံလှုပ်ရှားလျှက်ရှိသည်။

ခေါဇာမြို့နယ် အတွင်း မွန်ခွဲထွက် ဓားပြများမှာ ဒေသခံများကို မကြာခဏ အနုကြမ်းစီးခြင်း၊ ပိုက်ဆံတောင်း ခြင်း၊ ဓားပြတိုက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများ ပြုလုပ်နေရာ ရဲတပ်ဖွဲ့နှင့် တပ်မတော်က ဝိုင်းဝန်းရှာဖွေ ဖမ်းဆီး ခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေရကြောင်း၊ ခေါဇာမြို့မ ရဲစခန်းတွင် ဓားပြတိုက်ခံသည်ဟုဆိုကာ လာ ရောက်ဖွင့်ထားသည့် အမှု ၅ မှုထက်မနည်းရှိနေကြောင်း ခေါဇာမြို့မ ရဲစခန်းမှ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.