အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း မြဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒပြည်သူလူထုအများစုက မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် ဗဟုသုတ သိရှိနားလည်မှု အားနည်းနေဆဲဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသူတို့ထံမှ သိရသည်။
ဒေသခံမဲဆန္ဒရှင်တို့က မဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန် ကျေပြွန်ရမည်ဟူသော ခံယူချက်ရှိကြသာ်လည်း လွှတ်တော်အသီးသီးအတွက် အနည်းဆုံးမဲ (၃) ပြားပေးရန်နှင့် တိုင်းရင်းသားဖြစ်ပါက နောက်ထပ် မဲတစ်ပြားပေးရမည်ဆိုသည်ကို မသိသူ အများအပြား ရှိနေသေးသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဦးမျိုးမင်းက ပြောသည်။
၎င်းက “ဘယ်ပါတီက ဘယ်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပြီး မဲဘယ်လိုပေးရမယ်ဆိုတာ မပြောနဲ့၊ ကိုယ်ပေးရမယ့် မဲဟာ ဘယ်နှစ်ပြားလဲဆိုတာတောင် မသိသေးတဲ့လူ အများအပြားရှိတယ်၊ နောက်တစ်ခုက ဒီတစ်ကြိမ်မှာ ပြောင်းလဲကျင့်သုံးလိုက်တဲ့ တံဆိပ်တုံးထု မဲပေးပုံကို မရင်းနှီးသေးတာလဲ ပါတယ်၊ ပြောင်းပြန်ရိုက်လိုက်လို့ ပယ်မဲများဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ရှိသူတွေကလည်း ဒုနဲ့ဒေး ကျနော်တို့တွေ့ရတယ်” ဟု ပြောသည်။
အဓိကအားဖြင့် ရွေးကောက်ပွဲ ဖြတ်သန်းမှုအတွေ့ကြုံ နည်းပါးခြင်းနှင့် မဲဆွယ်စည်းရုံးရေးကာလ ရွေးကောက်ပွဲ ပညာပေးကာလ တိုတောင်းခြင်းလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသော (Ethnic Peace Resource Project- EPRP) မှ စောနေသားကလည်း မြဝတီမြို့နယ်အတွင်းတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပုံ ပေးနည်းနှင့်ပတ်သက်ပြီး လိုအပ်ချက် များစွာရှိနေသေးကြောင်း ပြောသည်။
“မဲပေးပုံနဲ့ ပတ်သက်ပြီး ကျနော်တို့အဖွဲ့က မွန်ပြည်နယ်ထဲမှာကော၊ ကရင်ပြည်နယ်ထဲမှာကော တောက်လျှောက် လုပ်လာတာပေါ့နော်၊ လိုအပ်ချက်တွေ ရှိနေတုံးပဲဆိုတာ သွားတွေ့ရတယ်၊ မိမိလက်ဝယ် ရောက်လာတဲ့ မဲလက်မှတ်မှာ မဲရုံမှူးလက်မှတ် ပါ မပါဆိုတာ မစစ်ဆေးကြဘူး၊ မဲလက်မှတ်တွေမှာ အစွန်းအထင်း ရှိ မရှိ ဆိုတာကို သတိမပြုမိကြဘူး၊ မဲလက်မှတ်ရဲ့ ဘယ်နေရာမှာ တံဆိပ်တုံးထုရမလဲဆိုတာ နားမလည်ကြဘူး” ဟု ၎င်းက ပြောသည်။
ကျန်ရှိရက်များတွင် ပြည်သူများ မဲပေးပုံနည်းစနစ်ကို သိကျွမ်းနာလည်လာစေရန် အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများအနေဖြင့် အရှိန်မြှင့် လုပ်ဆောင်ပေးရန်နှင့် ပြည်သူများကလည်း တက်ရောက်ကြရန် ကရင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက ဆော်သြလျက်ရှိသည်။
မြဝတီမြို့ရှိ ကရင်အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးအဖွဲ့တွင် လုပ်အားပေး လိုက်ပါဆောင်ရွက်နေသူ မမိုးမိုးအေးကလည်း “ကျမတို့ သွားရောက်ခဲ့တဲ့ ရွာတိုင်းမှာ လူအတော်များများ စိတ်ဝင်တစား နားထောင်ကြပါတယ်၊ အားရကျေနပ်မှုလည်း ရှိပါတယ် ဒါပေမယ်လို့ အဖွဲ့အင်းအားက တအားနည်းတော့လေ နည်းနည်းနဲ့ ကျဲကျဲဝိုင်းရတာဆိုတော့ ထင်သလောက် ခရီးမပေါက်ဘူးလို့တော့ ယူဆတယ်”
မြဝတီမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ (၆၆၃၈၀) ရှိပြီး မဲရုံပေါင်း (၄၉) ရုံထားရှိမည်ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.