နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိင်ရေးအတွက် မုဒုံမြို့နယ်အတွင်းတွင် ဇုန် ၇ ခု သတ်မှတ်ပြီး လုံခြုံရေး အပြည့်အဝဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မုဒုံအတွင်း ရပ်ကွက် ၉ ခုနှင့်  ကျေးရွာအုပ်စု ၃၃ အုပ်စုအတွက် မဲရုံ ၁၀၂ ရုံတွင် ဇုန် ၇ ခု သတ်မှတ်ကာ မြို့နယ်ရဲတပ်ဖွဲ့အင်အားများအပြင် အထူးရဲများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးအပြည့်အဝ ရယူဆောင်ရွက်သွားမည်ဖြစ်သည်။
“ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့က အရာရှိ ၇ ဦး၊ အခြားအဆင့် (၁၉) ဦးနဲ့ လုံခြုံရေးအရ အဖွဲ့ (၇) ဖွဲ့ခွဲပြီး လှည့်လည်မယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်အောင်သိန်းဦးက ပြောသည်။
မုဒုံမြို့နယ်တွင် မဲရုံ ၁၀၂ ရုံအတွက် အထူးရဲ ၁၀၂ ဦးခန့်အပ်ထားပြီး မဲရုံတစ်ရုံလျှင် အရန်မီးသတ်အင်အား ၄ ဦးနှုန်းဖြင့် ထားရှိသွားမည်ဟုလည်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးက ပြောသည်။
ရွေးကောက်ပွဲလုံခြုံရေးအတွက် ခန့်အပ်ထားသည့် အထူးရဲများတွင် အရပ်သား(၆၇)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးပါဝင်ပြီး အောက်တိုဘာလကုန်ထိ သင်တန်းပို့ချပေးလျက်ရှိသည်။
မွန်ပြည်နယ် တစ်ခုလုံးတွင် မဲရုံ ၉၁၉ ရုံထားရှိမည်ဖြစ်ကာ ၎င်းမဲရုံများအတွက် မဲရုံတစ်ရုံလျှင် အထူးရဲ တစ်ဦးနှုန်းဖြင့် အထူးရဲ ၉၁၉ ဦးကို ခန့်အပ်ထားခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.